Saturday, January 11, 2014

၅၉(စ)ကို ပြင်ဖို့ စစ်ဗိုလ်တွေ ဘာကြောင့်သေမလောက် ကြောက်ကြသလဲ

၂၀၁၄-၁-၁၁
မြန်မာနိင်ငံမှာ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတကို နိုင်ငံတော် အုပ်ချုပ်ရေးရဲ့ အထွဋ်အထိပ် အဖြစ် သတ်မှတ် ထားပါတယ်။ သမ္မတ ကနေမှတဆင့် နိုင်ငံတော် အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စု တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေကို ခွဲဝေ အပ် နှင်းရပါတယ်။ ပြည်ထောင်စု ၀န်ကြီးဌာနနဲ့ ၀န်ကြီး တွေကိုလည်း စိတ်ကြိုက်ရွေးချယ် ခန့်အပ်နိုင်တဲ့ အခွင့်အာဏာ ရှိပါတ...ယ်။ လွှတ်တော်ရဲ့ သဘောဆန္ဒကို တောင်းခံစရာ မလိုပါဘူး။ ဆိုလိုတာက အုပ်ချုပ်ရေး အာဏာဟာ သမ္မတရဲ့လက်ထဲ
မှာ အပြည့်အ၀ရှိတဲ့ သဘောပါ။

ဒီအခါမှာ လက်ရှိ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် တိုက်ရိုက်ခန့် ထားတဲ့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ်တွေကို လေ့လာကြည့် မိပါတယ်။ ပြည်ထောင်စု ၀န်ကြီး ၃၆ ဦးအနက် ၂၆ ဦး (၇၂%)ဟာ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ ဖြစ်နေပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် ၁၄ ဦးအနက် ၁၁ ဦး (၇၈%) ဟာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေပါတယ်။ သဘောကတော့ စစ်သားက စစ်သားကိုပဲ အုပ်ချုပ်ရေးပိုင်း ပြန်ခန့်ပြီး စစ်တပ်က ဆက်အုပ်ချုပ် နေတဲ့သဘောပေါ့ဗျာ။

နောက်ထပ် တက်လာနိုင်တဲ့ သမ္မတလောင်းလျာ စာရင်းကို ကြည့်လိုက်ပြန်ရင် ဒေါ်အောင်ဆန်း
 စုကြည်က လွဲလို့ ကျန်တဲ့ သုံးဦး (လက်ရှိသမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
ကာချုပ် မင်းအောင်လှိုင်) တို့ အားလုံးဟာ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ မဖြစ်ခဲ့ရင် စစ်သားက စစ်သားကို ဆက်ခန့်ပြီး
 စစ်တပ်ကပဲ တိုင်းပြည်ကို အုပ်ချုပ်ဦးမှာပါ။


ဒီအခါမှာ ဘာဆက်ဖြစ်မလဲ။ ထုံးစံအတိုင်း စစ်ဗိုလ်ချုပ် တွေက အခွင့်ထူးခံ လူတန်းစား အဖြစ် ဆက်ရှိပါမယ်။ ပြည်သူတွေကို အနိုင်ကျင့်ခွင့် ဆက်ရပါမယ်။ သူတို့ဟာ ၀န်ကြီးကနေ သမ္မတအထိ
 အစိုးရ အဖွဲ့ဝင် ရာထူးတွေကို သက်ဆိုင်ရာ အရည်အချင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ
 မျှော်မှန်းခွင့် ဆက်ရပါမယ်။ ၀န်ကြီးဌာနတွေမှာ မိုးကျရွှေကိုယ် လေထီးစစ်သား လုပ်ပြီး အရာရှိ
အဆင့်နဲ့ လာဘ်စားခွင့် ဆက်ရပါမယ်။ ပြည်နယ်နဲ့တိုင်း ဒေသ အသီးသီးက သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်း ခွင်တွေမှာ အဘတွေနဲ့ ဝေစားမျှစား လုပ်ပြီး ဆက်စားခွင့် ရပါမယ်။ တရားဝင် လခလေး တစ်သိန်း နှစ်သိန်းနဲ့ တိုက်ဆောက် ကားစီး ဆက်လုပ်ပြ ကြပါဦးမယ်။

တကယ်လို့ ၅၉(စ)ပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် အခြေအနေ ပြောင်းပြန်
 ဖြစ်သွား ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံပါ တခြား အချက်တွေ မပြောင်းနိုင်ဘူး ဆိုရင်တောင်
သမ္မတက စစ်တပ်နောက်ခံ မဟုတ်တဲ့ အရပ်သား ဖြစ်လာဖို့ လိုပါတယ်။ ဒီအခါမှာ အရပ်သား
သမ္မတက အရပ်သား ၀န်ကြီးတွေ ကိုသာ အဓိက ခန့်ပါလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေ အတွက်
အလွန်ဆုံး မျှော်မှန်းနိုင်တာ အစိတ်သား အမတ် တစ်နေရာနဲ့ ၀န်ကြီး ၃ နေရာ (ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး) သာ ဖြစ်ပါတယ်။

ဒီအခါမှာ အရပ်သား ၀န်ကြီးရဲ့ ၀န်ကြီးဌာနတွေကို စစ်တပ်က မိုးကျရွှေကိုယ် လုပ်ပြီး ၀င်လို့ မရတော့ ပါဘူး။ ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်သား ၀န်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုကို လွန်ဆန်ပြီး စားခွင်ဖန်ဖို့ ခက်သွားပါပြီ။ အရပ်သား တွေ ကိုင်တွယ်တဲ့ တရားဥပဒေ အောက်မှာ စစ်ဗိုလ်ချုပ်တွေဟာ အခွင့်ထူးခံ ဆိုတဲ့ အဆင့်ကနေ အလိုလို လျှောကျ သွားပါပြီ။ ပြည်သူသာ အဓိက ဆိုတဲ့ အခြေအနေကို ပြန်ရောက် သွားပါမယ်။ စစ်ဗိုလ်တွေ အတွက် စစ်တန်းလျားမှာ တရားဝင် လခနဲ့ ခံစားခွင့် အနည်းငယ်က လွဲလို့ တခြား သူဌေးဖြစ် မျှော်မှန်းစရာ ဘာမှ မရှိတော့ပါဘူး။

ဒါကြောင့် ဒီ ၅၉(စ) ပြင်ဆင်ရေး ကိစ္စကို စစ်တပ်က အရာရှိ စာရင်းဝင် ပုဂ္ဂိုလ်တွေနဲ့ နောင်တစ်ချိန်
အရာရှိ ဖြစ်လာနိုင်သူ အားလုံး နေစရာ မရှိအောင် ကြောက်ပါတယ်။ အထူးသဖြင့် အကျိုးခံစားခွင့် မျှော်မှန်းပြီး စစ်ထဲ ၀င်လာတဲ့ သူတွေက ပိုကြောက်ပါတယ်။ ဘယ်သူ သမ္မတဖြစ်ဖြစ် အောက်ခြေ စစ်သားတွေ ဘ၀ ဒီထက်ဆိုးဖို့ မရှိတော့ပေမယ့် လက်ရှိ အရာရှိတွေ၊ အရာရှိ ဖြစ်လာနိုင်ချေ ရှိတဲ့ သူတွေကတော့ စားခွက်ပျောက် သလို ခံစားရ ပါလိမ့်မယ်။ ၅၉(စ)ဆိုတဲ့ အသံကြားတိုင်း
 အိပ်မက်ဆိုးတွေ မက်ကြပါလိမ့်မယ်။

ဒါကြောင့် ၅၉(စ)ဟာ တခြား ဥပဒေတွေ ပြင်ဖို့ထက် ဘာကြောင့် ပိုအရေးပါပြီး စစ်ဗိုလ်တွေ
 ဘာကြောင့် ကြောက်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပြီလို့ ထင်ပါတယ်။ ဒီဥပဒေကို
 ပြင်နိုင်ခဲ့ရင် တိုင်းပြည်ကို တကယ်ချစ်တဲ့ ပြည်သူ့သားကောင်း တွေသာ အကျိုးအမြတ်
အခွင့်အရေးတွေ မမျှော်ကိုးပဲ စစ်ထဲ ၀င်လာနိုင်တာကြောင့် စစ်တပ်လည်း သန့်သွား လိမ့်မယ်လို့ ယူဆပါတယ်။

Credit :Zin Thaw Naing