Thursday, January 23, 2014

ဒီမိုကရေစီစံနှုန်းနဲ့  မညီညွတ်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ အင်အားနဲ့  ပြင်မည်

၂၀၁၄-၁-၂၃
''ပြည်သူ့အင်အားသုံးမယ်'' ကျွန်မဟာ ပြည်သူတွေရဲ့အင်အားကိုသုံးပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေတယ်ဆိုပြီးတော့ ဝေဖန်ခဲ့ပါတယ်။ အဲ့တော့ ကျွန်မက ပြောတယ်။ ကျွန်မက ပြည်သူ့အင်အားမသုံးလို့  ဘယ်အင်အားသွားသုံးရမှာ လဲလို့ ။ (လက်ခုပ်သြဘာသံများ)။

ကျွန်မတို့  လက်နက်အင်အားမသုံးဘူး။ အကြမ်းဖက်မှုအင်အားမသုံးဘူး။ ပြည်ပအင်အားလည်းမသုံး
 ဘူး။ ပြည်သူ့အင် အားပဲသုံးမယ်လို့  ကျွန်မရှင်းရှင်းလင်းလင်းပြောပါရစေ။ (လက်ခုပ်သြဘာသံများ)။

ဒါကြောင့် ကျွန်မတို့ ပြည်သူများဟာ ကျွန်မတို့ ရဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံစေချင်တယ်။ ၀ိုင်းဝန်းပြီးတော့ ကူညီပေးစေ ချင်တယ်။ တချို့ ကတော့ ပြောပါတယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြင်ချင်တာ ကျွန်မကို သမ္မတဖြစ်စေချင်
 လို့ အဖွဲ့ ချုပ်က အစိုးရဖြစ်စေချင်လို့ ဆိုပြီးတော့ ဒီလိုဝေဖန်ကြပါတယ်။ဒါက ဝေဖန် ပိုင်ခွင့်ရှိပါတယ်။ ကျွန်မတို့ ဟာလည်း ဖြေရှင်းပိုင်ခွင့်ရှိပါတယ်။ ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုက်လို့  ကျွန်မကနေပြီးတော့ သမ္မတနေရာဝင် ရွေးနိုင်ခွင့် ရှိသွားရင်တောင်မှ ပြည်သူက မလိုလားရင် လုပ်လို့  မရပါဘူးဆိုတာ အားလုံးနားလည်ဖို့ လိုပါမယ်။ (လက်ခုပ်သြဘာသံများ)။


 ဒီတော့ ကျွန်မက ကျွန်မ သမ္မတဖြစ်ရေးအတွက် အဖွဲ့ချုပ်ကနေပြီးတော့ အစိုးရဖြစ်ရေးအတွက် ဦးတည်သလားဆို ဟုတ်တယ်၊ မှန်တယ်၊ ဦးတည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ ရှင်းရှင်း လင်းလင်းပဲပြောမယ်။ ကျွန်မတို့ အစိုးရဖြစ်မှ ကျွန်မ တို့ လုပ်ပေးချင်တာတွေကို လုပ်ပေးနိုင်မှာဖြစ်ပါ
တယ်။ (လက်ခုပ်သြဘာသံများ)။

အဲ့တော့ သို့ သော်ငြားလည်း ဒါဟာ ကျွန်မတို့ ရဲ့ ဆန္ဒ၊ ပြည်သူ့ ဆန္ဒနဲ့  မကိုက်ညီရင်အကောင်အထည်
ဖော်လို့ မရဘူး။ ပြည်သူလူထုက ဟုတ်ပြီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  ဒေါ်အောင်ဆန်းစုကြည်က
တော့ ဒီလိုဆန္ဒ ရှိပေမယ့် ကျွန်တော်တို့  ကျွန်မတို့  ပြည်သူတွေက မရှိပါဘူးဆိုရင် ကျွန်မ တို့ စစ်မှန်တဲ့ ဒီမိုကရေစီဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ ကျွန်မတို့  တက်ပြီးတော့ အာဏာလုယူလို့ မရပါဘူး။
လုယူဖို့ လည်း လုံးဝမစဉ်းပါဘူး ဆိုတာ ကျွန်မပြောပါရစေ။ (လက်ခုပ်သြဘာသံများ)။

 အင်အားသုံးပြီးတော့ လုယူပြီးရထားတဲ့အရာဆိုတာ့ တကယ်တော့ ဘာတန်ဖိုးမှမရှိပါဘူးဆိုတာလည်း ကျွန်မတို့ နားလည်းပါတယ်။ (လက်ခုပ်သြဘာသံများ)။

 ကျွန်မတို့ အနေ နဲ့  ပြည်သူရဲ့ဆန္ဒကိုလေးစားတယ်။ နောက်ပြီးတော့ ပြည်သူရဲ့ဆန္ဒကို လေးစား တဲ့တစ်ချိန်တစ်ခါတည်းမှာပဲ ကျွန်မတို့ နိုင်ငံအတွင်းမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို
ကျွန်မတို့ ဦးတည်ပါတယ်။ ဒီနိုင်ငံဟာ တိုင်းရင်းသားလူမျိုး ပေါင်းစုံနဲ့ ဖွဲ့ စည်းထားတဲ့နိုင်ငံပါ။ ကျွန်မ ခရီးတစ်လျှောက်လာတဲ့အခါကျတော့ လမ်းမှာဆိုရင် ရွာတွေရွာတွေမှာ ပြောတဲ့ဘာသာစကားတွေကို ကျွန်မ နားမလည်ဘူး။ နားမလည်တာ အင်မတန်ဝမ်းနည်းပါတယ်။

ကျွန်မတို့  ဗမာလိုပြောလို့ တော့ ရွာသူရွာသားအများစုက နားလည်ပါတယ်။ ကျွန်မက ကျတော့ ပြန်ပြောတဲ့စကားတွေကို နားမလည်ဘူး။ နားမလည်တဲ့အခါကျတော့ ကျွန်မက တစ်ခါတလေ ဘာပြန်ဖြေရမှန်းမသိဘူး။ ဒါ ကျွန်မတို့ ရဲ့  အားနည်းချက်ပေါ့နော်။ ဒါဟာ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေရဲ့  အားနည်းချက်ပဲ။ ကျွန်မတို့ ဟာ အနည်းစု တခြားတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဘာသာစကားတွေနဲ့ ပတ်သက်လို့  အသိတရားရှိတာတွေ၊ ပညာရ ထားတာတွေက အင်မတန်အားနည်းပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်း
သောက် ညီရင်းအစ်ကို မိသားစုတွေပါ။ ဒါကြောင့်မို့ ကျွန်မတို့  တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် လို့  နေရလိမ့်မယ် နေနိုင်တဲ့အခြေအနေလည်းရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ကပ္ပလီကျေးရွာ ကရင်ပြည်နယ် မိန့် ခွန်း