Sunday, December 29, 2013

ကြံ့ဖွံ့ပါတီက “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ကိစ္စ (တူမောင်ညို)

ဒီဇင်ဘာလ ၂၉၊ ၂၀၁၃

လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် ဗိုလ်ရွှေမန်းနှင့် ဗိုလ်ခင်အောင်မြင့်တို့သည် ဒီချုပ်ဥက္ကဋ္ဌ၏ “စိန်ခေါ်သံ” များကို ကိုယ်တိုင် မတုန့် ပြန်ဘဲ  (ဗိုလ်) အောင်သိန်းလင်းကို တာဝန်ပေးပြီး ပြောခိုင်းလိုက်တာဖြစ်မည် ယူဆသည်။

မဇ္ဈိမဂျာနယ်၌ (ဗိုလ်)အောင်သိန်းလင်း ပါးစပ်မှတဆင့် “ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသော
ပုဒ်မ ၇ ခု” ရှိကြောင်း  လေသံပစ်လာသည်။ “မပြင်ဆင်လိုသောပုဒ်မ ၇ ခု”ဆိုသည်ကလည်း “၂၀၀၈အခြေခံ” ၏ အချက်အချာပုဒ်မတွေဖြစ်နေသည်။

(ဗိုလ်) အောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအနက်တစ်ဦးဖြစ်သည်။ ကြံ့ဖွံပါတီအမတ်လည်း ဖြစ်သည်။ ကြံ့ဖွံပါတီအမတ်၊ ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (ဗိုလ်) အောင်သိန်းလင်း၏ သဘောထားသည် ကြံ့ဖွံ့ပါတီ၏သဘော ထားပင်ဖြစ် မည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ၏ မပြင်လိုသောလေသံသည် “နောက်ဆက်တွဲ ဇယားတွေပဲ ပြင်၊ အခြေခံမူတွေ
 မထိနဲ့ မပြင်နဲ့”  ဆိုသည့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည့် ဆောင်းပါးအာဘော်” နှင့်လည်း ထပ်တူထပ်မျှနေဖြစ်သည်။

“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုသည်မှာ  နိုင်ငံရေးပြဿနာဖြစ်သည်။

“၂၀၀၈ အခြေခံဥပဒေ” သည် လက်ရှိ စစ်အုပ်စု (ဝါ)  ကြံ့ဖွံ့အစိုးရ၏ အာဏာအုတ်မြစ်ဖြစ်သည်။


“၂၀၀၈ အခြေခံဥပဒေ”၏ အနှစ်သာရဆိုသည်မှာ စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရ၏ အာဏာနှင့် ဘဏ္ဍာ လက်ဝါးကြီးအုပ်ထားမှုကို ရေရှည်တည်မြဲရေး၊ ထိန်းသိမ်းရေးနှင့် ကာကွယ်တိုးချဲ့ရေးပင်ဖြစ်သည်။ ဤအနှစ်သာရကို ဖော်ဆောင်နိုင်ရန်အတွက် အသွင်သဏ္ဍာန်အားဖြင့် အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း
 (၄၅၇) ခုဖြင့်ရေးသားထားသည့်  “၂၀၀၈အခြေခံဥပဒေ” ဖြင့် စုစည်းဖော်ပြထားခြင်းဖြစ်သည်။

စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရသည် “၂၀၀၈ အခြေခံဥပဒေ” ဖြင့် ၄င်းတို့၏ အတိတ်၊  ပစ္စုပ္ပန် ၊ အနာဂတ်ကာလသုံးပါးစလုံးကို ကာကွယ်နေခြင်းလည်းဖြစ်သည်။

“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး”ဆိုသည်မှာ ထိုအနှစ်သာရကို ပြင်ဆင်ရန်နှင့်ပြောင်းလဲ ပစ်ရန် သာဖြစ်ရမည်။ယနေ့ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံအစိုးရက ပြောနေသည့် “အပြောင်းအလဲ” ဆိုသည်မှာ စစ်အုပ်စုအာဏာ၏အပေါ်ယံအသွင် သဏ္ဍာန်ပြောင်းလဲမှုကို ပြောနေကြခြင်းဖြစ်သည်။ အနှစ်သာရမှာ
မူ လုံးဝမပြောင်းလဲချေ။

“တပ်မတော်ကိုနိုင်ငံရေးကြောင့်မညစ်နွမ်းစေချင်ဘူး” ဟူသော ပြောစကားကို ကြားရသည်။

တပ်မတော်သည် နိုင်ငံရေးကြောင့် ညစ်နွမ်းနေရခြင်း လုံးဝမဟုတ်ပါ။ စစ်အုပ်စုက တပ်မတော်ကို ဂုတ်ခွစီးထားပြီးအာဏာနှင့် ဘဏ္ဍာတည်မြဲ/တိုးပွားရေး အတွက် ခုတုံးလုပ် အသုံးချခြင်းကို ခံနေရသောကြောင့်သာလျှင် ညစ်နွမ်းနေရခြင်းဖြစ်ပါသည်။ထိုသို့ စစ်အုပ်စု၏တစ်လက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်သဖွယ်အသုံးချခံနေရသည့် ဘဝဆိုးမှ တပ်မတော်တစ်ရပ်လုံး လွတ် မြောက်သွားဖို့အရေးတကြီးလိုအပ်ပါသည်။ဤအချက်သည်တိုင်းပြည်နှင့်ဒီမိုကရေစီရှေ့ရေးအတွက် ရေရှည်အာမခံချက်လည်းဖြစ်သည်။တိုင်းပြည်တွင် သန့်ရှင်းသောအစိုးရတစ်ရပ် လိုအပ်သလို၊ သန့်ရှင်းသောတပ်မတော်တစ်ရပ်လည်းရှိဖို့လည်း လိုအပ်ပါသည်။

တဖန် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုသည်မှာအရင်းစစ်လိုက်လျှင် အာဏာခွဲဝေရေးပင်
 ဖြစ်သည်။ လက်ရှိအာဏာရ ထားသူ၊အာဏာသိမ်းယူထားသူများက အာဏာခွဲဝေမပေးနိုင်သဖြင့် မသင့်မြတ်နိုင်ခြင်းဖြစ်သည်။ သို့ပါ၍ “အမျိုးသားပြန်လည်သင့်မြတ် ရေး” သည် လက်ရှိအုပ်စိုးသူများ
အပေါ် တည်မှီနေပါသည်။ သူတို့သိမ်းယူထားသည့် အာဏာလက်ဆုပ်မဖြေသမျှ “အမျိုးသားပြန်လည် သင့်မြတ်ရေး”သည် ပေါ်ပေါက်ဖြစ်ထွန်းလာလိမ့်မည်မဟုတ်ပါ။“၂၀၀၈ အခြေခံဥပဒေ” အရ အာဏာခွဲပေးထားသည်ဆိုခြင်းမှာ အာဏာအမွေဆိုင်များဖြစ်သော ဗိုလ်သန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အကြား ခွဲဝေပေးထားခြင်းသာဖြစ်သည်။

အရပ်ဝတ်ပြောင်းဝတ်လာသည့် စစ်အုပ်စုထိပ်သီးများအကြား အာဏာခွဲဝေ ပေးထားခြင်းမျှသာဖြစ်
သည်။

ဤသို့ခွဲဝေထား သော်လည်း အချုပ်အခြာအာဏာကမူစစ်အုပ်စုထက်ထဲတွင်သာရှိပါသည်။လောလောဆယ်တွင်(ကာလုံ)သည်မြင်သာသောအာဏာကိုင် အဖွဲ့ပင်ဖြစ်သည်။ (ကာလုံ)အား ကန့်လန့်ကာနောက်ကွယ်မှ ဗိုလ်သန်းရွှေက စီမံ၊ ကြိုးကိုင်၊ ထိန်းချုပ်၊ အမိန့်ပေး၊ ညွန်ကြားနေခြင်း
 ဖြစ်သည်။

စစ်အုပ်စု(ဝါ)ကြံ့ဖွံ့အစိုးရသည် တရားသည်/မတရားသည်ဆိုသည်ကို လုံးဝမစဉ်းစား၊“သိက္ခာတွေ၊လိပ်ပြာတွေညစ်ခြင်း/မညစ် ခြင်း” ကိုလည်း အမှုမထား၊ မက်ခီယာဗယ်လီသမားတို့ထုံးစံအတိုင်း အာဏာတည်မြဲနေရေးသာ အဓိကထားပါသည်။

ကြံ့ဖွံ့ပါတီက “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” မှာအောက်ပါအတိုင်းဖြစ်သည်။

“ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၆ တို့ဖြစ်သည်။
ဖော်ပြပါ ပုဒ်မ ၇ ခုကို “၂၀၀၈ အခြေခံဥပဒေ” ပါ အတိုင်း ကိုးကား၍ လိုအပ်သလောက်သာ ရှင်းလင်းတင်ပြပါမည်။

ပုဒ်မ ၆(စ)
ပုဒ်မ ၆(စ)  နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်။ဤပုဒ်မသည်၊ အခန်း (၁) နိုင်ငံတော် အခြေခံမူများအခန်းမှဖြစ်ပါသည်။ သို့ပါ၍ အခြေခံမူဖြစ်သော ဤအချက်ကို ပြင်မပေး နိုင်ဟု
 ပြောသဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်အခန်းတို့တွင် အဆိုပါအခြေခံမူကို အခြေခံ၍ ထည့်သွင်းပြဋ္ဌာန်းထားချက် အားလုံးကို ပြင်မပေး နိုင်ဟုပြောခြင်းပင်ဖြစ်သည်။

ဥပမာအားဖြင့် – ပုဒ်မ ၆ (စ) ကို ပြင်မပေးလျှင် စစ်တပ်နှင့်ပတ်သက်သော ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ)၊
 ပုဒ်မ ၂၀ (က) မှ (စ)၊ ပုဒ်မ ၄၀ (ခ) ပုဒ်မ ၇၄ (က) (ခ)၊ ပုဒ်မ ၁၀၉ (က) (ခ) ၊ ပုဒ်မ ၁၄၁ (ခ) တို့ကို ပြင်ဆင်ပေးရန်မလိုတော့ချေ။

ပုဒ်မ ၄၂(ခ)
ပုဒ်မ ၄၂(ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။ဤပြဋ္ဌာန်းမှာ
 “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပေးအပ်ထားသည့် ကတိအာမခံချက်ဖြစ် သည်။

ပုဒ်မ ၅၉(စ)
ပုဒ်မ ၅၉(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူမျာသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။အားလုံးသိရှိပြီးဖြစ်၍ အကျယ်မရှင်းတော့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပုဒ်မပင်ဖြစ် သည်။

ပုဒ်မ ၃၃၇ နှင့် ပုဒ်မ ၃၃၈
ပုဒ်မ ၃၃၇ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလက်မခံဟုပြောလိုရင်းဖြစ်သည်။
ဤပြဋ္ဌာန်းချက်မှာ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများကိုရည်ရွယ်ထားခြင်းဖြစ်သည်။ စစ်တပ်သည်တစ်ခု တည်း ရှိရ မည်။ မည်သည့်တပ်မဆို တပ်မတော်၏ အမိန့်ပေးကွပ်ကဲမှုကို နာခံရမည်ဆိုသည်ပင်။

ပုဒ်မ ၄၃၆
ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ 
၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ 
၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း ( ၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂
 ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဤပြဋ္ဌာန်းချက်သည် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းမှ အခရာကျသော အချက်ဖြစ်သည်။ ဤအခန်း ရှိ ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုဟု ပြောခြင်းသည် “၂၀၀၈အခြေခံဥပဒေ” ကို လုံးဝပြင်ဆင်လိုခြင်းမရှိဟုပြောခြင်းဖြစ်သည်။

အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ ဆိုသည်မှာ “နိုင်ငံတော်အခြေခံမူများအခန်း” တစ်ခုလုံးဖြစ်ပါသည်။ အခြေခံမူများအားလုံးကို မပြင်ဆင်လို ဟု ပြောခြင်းမှာ အခြေခံဥပဒေတစ်ခုလုံးအား မပြင်ဆင်လိုခြင်း ပင်ဖြစ်သည်။

ပုဒ်မ ၄၄၆
ပုဒ်မ ၄၄၆ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။ပုဒ် ၁၀ (က) (ခ) ၊ ပုဒ်မ ၁၇ (၁) (၂)၊ မတရားသင်းအက်ဥပဒေ တို့အပါအဝင်  အခြားသောဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်
ထားသည့် တည်ဆဲဥပဒေပုဒ်မဆိုးများအားလုံးကို ဖျက်သိမ်းမပေးဟုပြောလိုက်ခြင်းဖြစ်သည်။

သို့ပါ၍ ကြံ့ဖွံ့ပါတီက(ဗိုလ်)အောင်သိန်းလင်းပါးစပ်မှတဆင့်ပြောလာသည့် “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ဆိုသည်ကို စိစစ်ကြည့် လိုက်သောအခါ ကြံ့ဖွံ့ပါတီ၏ သဘောထားအခြေခံမှာ အနှစ်ချုပ်မှာ ဒီချုပ်အပါအဝင် အတိုက်အခံပါတီများက လိုလား တောင်း ဆိုနေကြသည့် “ပြင်ဆင်ရေး” ကို လက်မခံ/ပြင်မပေးနိုင်ဟု ပြောလိုရင်းဖြစ်သည်။

- ညွန်း
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 
- မဇ္ဈိမသတင်းစာ အတွဲ ၂၊ အမှတ် (၅၅)  ကြာသာပတေးနေ့၊ ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၃ 
- ဒီလှိုင်းစာစောင် အတွဲ ၂။ အမှတ် (၅၀) တနင်္လာနေ့၊ ၂၃- ၁၂ -၂၀၁၃


Credit: Moemaka