Tuesday, November 26, 2013

ငြိမ်းချမ်းရေး နိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံ ခရီးစဉ်စတင်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃) ခုနှစ်၊ နိုဝင်ဘာလ၊ (၂၆) ရက်နေ့တွင် သြစတြေးလျနိုင်ငံသို့သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာသွားပါသည်။ အဆိုပါခရီးစဉ် အတွင်း ပထမဦးစွာ Sydney မြို့သို့ သွားရောက်မှာဖြစ်ပြီး သြစတြေးလျရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံခြင်း၊ Sydney Opera House တွင် တက္ကသိုလ်(၃)ခုက ပူးပေါင်းပြုလုပ်သည့် ဘွဲ့အပ်နှင်းသည့်အခမ်းအနား၌ အမှာစကားပြောကြားခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါသည်။

၎င်းနောက် Canberra မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Tony Abbott တို့နှင့် တွေ့ဆုံရန်ရှိပါသည်။ သြစတြေးလျ ပါလီမန်ကို သွားရောက်လေ့လာ၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ Australian National University သို့ သွားရောက်၍ ပညာရေးဆိုင်ရာကိစ္စရပ်များကို လေ့လာဆွေးနွေးရန် အစီအစဉ်များရှိပါသည်။

ထိုမှတဆင့် Melbourne မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး Monash University တွင် ပညာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမှုများ ပြုလုပ်ရန်ရှိပါသည်။ ထို့နောက်သြစတြေးလျရောက်   မြန်မာမိသားစုများနှင့်တွေ့ဆုံမည်ဖြစ်ပြီး၊ (၂၅)ကြိမ်မြောက် ကျင်းပမည် ဖြစ်သော World AIDS Day အခမ်းအနားကိုလည်း တက်ရောက်ရန် အစီအစဉ်ရှိပါသည်။မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆိုပါနေ့ ညပိုင်းတွင်ပင်ပြန် လည်ရောက်ရှိမည်ဖြစ်ပါသည်။

Credit : Khin Nanda