တိုင်းရင်းသားဒေသများရှိ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင်
တိုင်းရင်းသား ဆက်ဆံရေးကော်မတီများ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ
ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
အဆိုပါ NLD
ပါတီ တိုင်းရင်းသား ဆက်ဆံရေးကော်မတီကို မြန်မာနိုင်ငံတွင်းရှိ
တိုင်းရင်းသား လူမျိုးအများစု နေထိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ယခုလအတွင်းမှ စတင်ကာ ဖွဲ့စည်းလျက်ရှိပြီး အောက်တိုဘာလတွင်
အပြီးသတ် ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို
ကာကွယ်နိုင်ရန်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် NLD ပါတီအအကြား
ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း
၎င်းကဆက်လက် ပြောကြားသည်။
“ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့
အချိန်မျိုးမှာ ပါတီတွေက တိုင်းရင်းသားတွေရှိတဲ့ဒေသမှာ ဆက်ဆံရေးကော်မတီတွေ
လိုအပ်ပါတယ်။ ဒါမှပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအကြားမှာ
ဆက်ဆံရေး ပိုလွယ်ကူလာမယ်” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ
ညီလာခံအပြီး တွင် တိုင်းရင်းသား ဆက်ဆံရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး
အဆိုပါဆက်ဆံရေး ဗဟိုကော်မတီ ဦးစီးအဖြစ် ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
(ဟိန်းသွင်ထက်)...