Tuesday, May 21, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒု ဥက္ကဋ္ဌ ခန့်ရန် မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
နေပြည်တော်၊ မေ- ၂၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီတွင် ဒုတိယဥက္ကဋ္ဌခန့်အပ်ရန် ရည်ရွယ်ချက် မရှိသေးကြောင်း ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပါတီ၏ ဒုတိယခေါင်းဆောင် နေရာနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်   တော်အထူးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် သတင်းထောက် တစ်ဦး၏   မေးမြန်းချက်ကို ပါတီဥက္ကဋ္ဌက အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။

“ဒုတိယဥက္ကဋ္ဌခန့်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒုတိယဥက္ကဋ္ဌထားဖို့ လည်း ပါတီကမဆုံးဖြတ်သေးပါဘူး”     ဟု  ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒီမိုကရေစီနည်းလမ်းအရ ခေါင်းဆောင်ဟူသည် သူ၏ လုပ်ရည်ကိုင်ရည်အပေါ်မူတည်၍ အလိုလို ထွက်ပေါ်လာရမည်ဖြစ်ပြီး ခေါင်းဆောင်အား အပေါ်မှချမှတ်ပေးသည့် အစဉ်အလာကိုဆက်၍ မထိန်း ထားချင်တော့ကြောင်း ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က   ပြောသည်။

အင်န်အယ်လ်ဒီပါတီသည် ပါတီညီလာခံကို မတ်လ ၉ ရက်၊ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ပြီး ညီလာခံ ကိုယ်စားလှယ် ၉၀၀ ကျော်တက်ရောက်ခဲ့ကာ ပါတီဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်နှင့် အမှုဆောင်များကို ရွေးချယ်ခဲ့သည်။
Kyawmin Khine