Tuesday, March 19, 2013

.ပြောပြချင်ပါတယ် ( ၁၁ )

၂၀၁၃-၃-၁၉
လက်ပံတောင်းတောင် စီမံကိန်းအစီရင်ခံစာ ထုတ်ပြန်ပြီးနောက် လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်း၏ အရှေ့ဘက်ရှိ တုံကျေးရွာတွင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများအား မတ် ၁၄ ရက်က တွေ့ရစဉ်

(၁)
ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်ကစပြီး မြန်မာနိုင်ငံကို သတင်းထောက်တွေ အများကြီးလာပါတယ်။    NLD ညီလာခံရှိတာရယ်၊ လက်ပံတောင်းတောင်ကိစ္စ၊ ပုံနှိပ်နဲ့ထုတ်ဝေသူ ဥပဒေကြမ်းကိစ္စတွေက သူတို့ရဲ့အဓိက စိတ်ဝင်စားတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ကျွန်တော့်ဆီကိုလည်း လေးငါးခြောက်    ယောက်လောက် လာပါတယ်။ အဲဒီအထဲမှာ ပြင်သစ်က R.S.F ရဲ့ Main sponsor le Monde သတင်းစာနဲ့ ထိုင်ဝမ်က CNA သတင်းထောက်နှစ်ယောက်နဲ့ တွေ့ဆုံခဲ့တာပါ။ သူတို့သိချင်တဲ့ မေးခွန်းတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြင်သစ်နဲ့ တရုတ်လို ဖော်ပြကြမှာ   ဖြစ်တဲ့အတွက် ကျွန်တော်နဲ့ တွေ့တဲ့အကြောင်း ကျွန်တော်ကြည့်လို့တော့ မရပါဘူး။ နှစ်ယောက်  စလုံးက ဘန်ကောက်အခြေစိုက်ဆိုတော့ တချို့အကြောင်းတွေ ကျွန်တော့်ထက်တောင် သိနေ တဲ့ပုံရှိပါတယ်။


(၂)
သူတို့အနေနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး အရှိန်ရနေပေမယ့် အခုတလော နိုင်ငံတကာမီဒီယာတွေမှာ စိုးရိမ်စိတ်တွေ ရှိနေတဲ့အကြောင်း ပြောလာ၊ မေးခွန်းထုတ် လာပါတယ်။ ကျွန်တော်က ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်သွားနေပါတယ်။ နောက်ဆုတ်ဖို့ ကြိုးစားသူတွေကလည်း အများကြီးပါ။ အစိုးရကလည်း ဒီလိုပဲ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့     ရှေ့ကို တစ်ရွေ့ရွေ့ သွားနေပါတယ်လို့ ဖြေလိုက်ပါတယ်။
အတိုက်အခံတွေကို ပညာသားပါပါ နှိပ်ကွပ်၊ ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးအသိပညာနည်းတဲ့ လူငယ်လူရွယ်တွေရဲ့ စိတ်ခံစားမှုနဲ့ အတ္တကြီးမှုကို အသုံးချပြီး နိုင်ငံရေးအသိဉာဏ် ချိုးနှိမ်တာ၊    စစ်တပ်ကို ခါးပိုက်ထဲထည့်၊ မီဒီယာကို တစ်ဖက်လှည့်နဲ့ ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအာဏာရှင် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားစတိုင်မျိုး လုပ်လို့ မရပါဘူး . . .

တကယ်ကျတော့လည်း နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅၀လောက်   နေခဲ့တဲ့နိုင်ငံ၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားမှာ ခံစားနား လည်မှု ကွာဟတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဥုံဖွလို ချက်ချင်းကောင်းဖို့ မလိုပါဘူး။ အခွင့်အရေးကို အများကြီး  ရတဲ့ လက်တစ်ဆုပ်စာ လူစုရှိတယ်။ သွယ်ဝိုက်ပြီးရတဲ့ လက်တစ်ဖက်စာ လူတွေရှိတယ်။ လူများကို နိုင်ထက်စီးနင်း လုပ်တတ်တဲ့ အကျင့်ရှိတဲ့လူတွေ၊ အင်အားနဲ့ အာဏာသာ အဓိက လူတွေ၊ လက်ရှိဘ၀ကို သာယာနေတဲ့သူတွေ၊ ကွန်ပျူတာထဲ၊ အင်တာနက်ထဲကနေ ဘ၀ကို မြင်တတ်သူတွေ၊ ခံစားရတာကို ပေါက်ကွဲပစ်ချင်သူတွေ၊ နေပူထဲက ဘ၀ကနေ အကြောက်တရား ကင်းလွတ်တဲ့ ဘ၀ကို ခေတ္တရောက်လာသူတွေ ဒါတွေက အများကြီးရှိပါတယ်။ ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့် ကျင်းပနေတာတွေ၊ မီဒီယာတွေရဲ့ ဖော်ထုတ်မှုတွေကို မခံစားနိုင်တော့တာတွေကို ခုတုံးလုပ်ပြီး အာဏာရှင်စနစ်ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားက အရှိန်ရနေပါတယ်။

တကယ်တော့ ဆန္ဒပြတာတွေဟာ ဒီနိုင်ငံလို နိုင်ငံမျိုးမှာ နည်းတောင်နေပါတယ်။ ဒါပေမယ့် အချိန်      အခါ ချိန်တတ်မှုနဲ့ ညှိနှိုင်းမှု၊ စနစ်ကျမှုရှိဖို့သာ လိုတာပါ။ မတရားလုပ်တာတွေ ယခင်ကအများကြီး   ရှိသလို အခုခေတ်မှာလည်း ရှိနေဆဲပါပဲ။ စနစ်တကျ ဖြေရှင်းပေးမှုက အား နည်းနေဆဲ ကာလမှာ ပြဿနာအားလုံးကို ညှိနှိုင်းဖို့၊ အကြမ်းဖက်မှုတွေ မဖြစ်ဖို့၊ နိုင်ငံရဲ့ ပုံရိပ်နဲ့ သာမန်စီးပွားရေးဘ၀တွေကို မထိဖို့သာ လိုရင်းဖြစ်ပါတယ်။ အခုကြုံတွေ့နေရတာတွေဟာ စိတ်ပျက်စရာမရှိပါဘူး။ ဆန္ဒပြမှု၊ ညှိနှိုင်းမှု၊ ဥပဒေစိုးမိုးမှုတွေဟာ လူထုအုံကြွမှု၊ အကြမ်းဖက်မှု၊ စစ်ပွဲတွေကို တားဆီးပေးတဲ့အရာတွေပါ။ ပွင့်လင်းမြင်သာမှု၊ ဖွံ့ဖြိုးလာတဲ့ မီဒီယာ၊ တရားမျှတတဲ့ ဥပဒေပြုမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင်တွေ ဖြစ်ပေါ်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါဟာ ကောင်းတဲ့အရာတွေပါ။ ဒီလိုမျိုးဖြစ်နေတာတွေဟာ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တစ်ခုဖြစ်ဖို့ အတွေ့အကြုံတွေ ရစေပါတယ်။

(၃)
အခု သတင်းမီဒီယာလောကမှာ ပြဿနာဖြစ်ပေါ်နေတဲ့ ပုံနှိပ်ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သူတို့က   မေးခွန်းထုတ်ပါတယ်။ တကယ်တော့ ဒီဥပဒေဟာ အစိုးရအဖို့ သတင်းမီဒီယာနဲ့ ပတ်သက်ရင် ဒီမိုကရေစီစံနှုန်းတွေကို ရှေ့တိုးနောက်ဆုတ်လုပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ ပြန်ရှင်းပြပါတယ်။ အရင်ဝန်ကြီးလက်ထက်မှာ ရေးဆွဲတဲ့ Press Law ကို ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ်။ စာနယ်ဇင်း ကောင်စီကို ကန့်ကွက်ခဲ့ကြတယ်။ ၀န်ကြီးအသစ်က စာနယ်ဇင်းကောင်စီကို မူလရွေးချယ်ထားတဲ့ လူ ၂၀ နောက် လူ ၁၀ ဦးနဲ့ဖွဲ့တယ်။ Independent Journalists တွေပါလာ    တယ်။ Press Law ကို Zero Draft ကနေ စဆွဲတယ်လို့ ပြောတယ်။ ရေးဆွဲပြီးရင် ပြန်ကြားရေးရယ်၊ လွှတ်တော်ရယ်နဲ့ ညှိနှိုင်းပြီး အတည်ပြုမယ်လို့ ပြောထားတယ်။ ဂျာနယ်လစ်တွေအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတုန်း အစိုးရက ဂျာနယ်လစ်တွေနဲ့ စာနယ်ဇင်းကောင်စီကို ချမပြဘဲ    ပုံနှိပ်၊ ထုတ်ဝေသူတွေနဲ့ပဲ ဆိုင်တယ်ဆိုပြီး လွှတ်တော်ကို ဇွတ်အတင်း တင်တယ်။ ထုတ်ဝေတဲ့သူ
တွကိုပဲ ကန့်သတ်တာ ဆိုပေမယ့် RSF တို့ CPJ တို့လို နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်း               တွေက လက်မခံပါဘူး။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် စံနှုန်းဟာ ၁၅၅၊ စင်ကာပူနဲ့ နှစ်ဆင့်ပဲ ကွာတော့တယ်။ ၁၉၆၂ ဥပဒေဖျက်ပြီးရင် ၃၀-၄၀ ခုန်တက်သွားမယ်။ အရှေ့တောင်အာရှနဲ့ အာရှမှာ အဆင့်အများကြီး တက်သွားမယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းတဲ့နိုင်ငံမှာ အရမ်းအရေးကြီးတဲ့ အဆင့်သတ်မှတ်ချက်ပါ။ အစိုးရ သတင်းစာက နမူနာအကြောင်းပြတဲ့ စင်ကာပူ၊ မလေးရှားတို့ဆိုတာ သတင်းလွတ်လပ်ခွင့် Image ကောင်းတဲ့ နိုင်ငံတွေမဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးအသစ် အကြောင်းပြတဲ့ ညစ်ညမ်းစာပေတို့ လောင်းကစားတို့က နိုင်ငံတကာအဆင့်မှာ အကြောင်းပြချက်

ကောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်သတင်းထောက်က အစိုးရဘက်ကလူတွေပြောတဲ့ မြန်မာ          နိုင်င်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံရေးပြောင်းလဲမှုထက် ရှေ့ရောက်နေတယ်လို့ပြောတာ ဘယ်လိုသဘောရသလဲလို့ မေးပါတယ်။

ကျွန်တော်က ''ဟုတ်ပါတယ်။ အရင်ပြောင်းလို့ရတာ အရင်ပြောင်းရတဲ့ သဘောပါပဲ။ နိုင်ငံရေး   ပြုပြင်ပြောင်းလဲရေးရဲ့ အနှစ်သာရက ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဒါပြောင်းဖို့အတွက် အချိန်အနည်းငယ် ယူရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ စင်ကာပူ၊ မလေးရှားစတိုင် ဒီမိုကရေစီမျိုး၊ ကမ္ဘောဒီးယားစတိုင်မျိုးနဲ့ မတူပါဘူး။ ကျွန်တော်တို့ဟာ စစ်တပ်က နှစ်ပေါင်းများစွာ အုပ်စိုးထားတဲ့ တောင်ကိုရီးယားတို့၊ အင်ဒိုနီးရှားတို့လိုမျိုး ပြောင်းလဲရမှာပါ'' လို့ ဖြေခဲ့ပါတယ်။

ဟုတ်ပါတယ်။မီဒီယာ အပြောင်းအလဲကို စဖွင့်ပြီး စီးပွားရေးနဲ့ နိုင်ငံရေးအပြောင်းလဲကို အထောက် အကူပြုစေတဲ့ ဒီနှစ်နိုင်ငံရဲ့ လျင်မြန်ပြောင်းလဲပုံနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နမူနာယူစရာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှုကို ၁၀ နှစ်အတွင်း ဖြည်းဖြည်းချင်း ရပ်ဆိုင်းခဲ့တဲ့ အင်ဒိုနီးရှားဟာ       အခုဆိုရင် ဗိုလ်ချုပ်ကြီးဟောင်း ဒီမိုကရေစီ သမ္မတဘန်ဘန်းရဲ့အောက်မှာ G-20 ၀င် နိုင်ငံဖြစ်  လာနေပါပြီ။

ကျွန်တော်တို့ဟာ လူဦးရေ ၅ သန်း ၆ သန်းရှိတဲ့ စင်ကာပူကျွန်းနိုင်ငံလေးရဲ့ ဒီမိုကရေစီမည်ကာ      မတ္တကို လိုက်တုစရာ မလိုပါဘူး။ ဒီလိုပါပဲ အတိုက်အခံတွေကို ပညာသားပါပါ နှိပ်ကွပ်၊ ပြည်တွင်း စစ်ကြောင့်နိုင်ငံရေးအသိပညာနည်းတဲ့ လူငယ်လူရွယ်တွေရဲ့ စိတ်ခံစားမှုနဲ့ အတ္တကြီးမှုကို အသုံးချပြီး နိုင်ငံရေးအသိဉာဏ် ချိုးနှိမ်တာ၊ စစ်တပ်ကို ခါးပိုက်ထဲထည့်၊ မီဒီယာကို တစ်ဖက်လှည့်နဲ့ ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီ အာဏာရှင် ဟွန်ဆန်ရဲ့ကမ္ဘောဒီးယားစတိုင်မျိုး လုပ်လို့မရပါဘူး။   အာဏာကို နည်းအမျိုးမျိုးနဲ့ မစွန့်လိုသူတွေဟာ ဒီလိုမျိုးကြံစည်မှုတွေ ရှိနေတယ်ဆိုတာ   နောက်ပြန်လှည့်စေတဲ့ ဥပဒေကြမ်းတွေ၊ ၀ါဒဖြန့်ချိရေး ယန္တရားတွေ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက သက်သေတွေပါပဲ။
သူသာ ဒီလိုမပျော့ပျောင်းရင် ခင်ဗျားလည်း ဒီလိုလာနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဂျာနယ်လစ်         တွေ လည်း ဒီလိုရေးနိုင်မှာ မဟုတ်ဘူး။ ဆန္ဒပြသူတွေလည်း ဒီလိုဆန္ဒပြနိုင်မှာ မဟုတ်ဘူး။ ကုန်ကုန်ပြောရရင် သမ္မတကြီးလည်း အခုလို နိုင်ငံတကာမှာ မျက်နှာပွင့်ပွင့် လျှောက်သွားနိုင်မှာ မဟုတ်ဘူး . . .

(၄)
သူတို့က မေးခွန်းထုတ်ပါတယ်။ ဒီလိုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့လွယ်ပါ့မလား။ ၂၀၁၅   ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါ့မလား။ ၁၉၉၀ တုန်းကလို အာဏာလွှဲမပေးတဲ့ အဖြစ်မျိုး ရှိနိုင်မလား မေးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ရမှာပါ။ ဒီမိုကရေစီ နည်းမကျတာ၊ စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေတာတင်မကဘဲ တိုင်းရင်းသားတွေနဲ့ ဖယ်ဒရယ် ပြည်ထောင်     စု ကိစ္စတွေမှာပါ ပြုပြင်ရမှာပါ။

ဒါပေမယ့် အခုအပြောင်းအလဲဟာ တောင်အာဖရိကလို Dialogue နဲ့ စားပွဲဝိုင်း ပေါ်က အပြောင်းအလဲ   မျိုး မဟုတ်တော့ စစ်တပ်ရဲ့ သဘောထားကြီးမှုနဲ့ တိုင်းပြည်ကို သူတို့ ဘယ်လောက်ချစ်သလဲက အရေးပါပါတယ်။ ကျွန်တော့်အမြင် ပြောရရင်တော့ ဒီဖွဲ့စည်းပုံကို ၂၀၁၅ မတိုင်မီမှာ တချို့ပြင်ရမယ်။ ၂၀၁၅ ပြီးရင် တချို့ပြင်ရမယ်။ ၂၀၂၀ မှာတော့ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်လာနိုင်ပါ    တယ်။နိုင်ငံရေးသမားတွေနဲ့ လူထုရဲ့အားကလည်း အဆုံးအဖြတ် ဖြစ်စေမှာပါ။ သေချာတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ မဖြစ်နိုင်ပါဘူးလို့ ဖြေခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ ဂျာနယ်လစ်တွေ အရင်ဆုံး ခံစားသိရှိမှာပါ။ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်တွေ ပိုရလာမယ်။     ဒါဟာ အပေါင်း လက္ခဏာပါ။ ဒါမှမဟုတ်ပဲ ဖိနှိပ်ဖို့ လမ်းစတွေ စလုပ်နေပြီလား။ ဒါဆို သေချာပြီပေါ့။ ဒါပေမယ့် ၁၉၉၀ တုန်းကလို မဖြစ်တော့ဘူး။ စစ်တပ်နောက်ထပ် အနှစ်နှစ်ဆယ် မအုပ်ချုပ်နိုင်တော့ ပါဘူး။ နိုင်ငံတကာက စောင့်ကြည့်နေကြပြီ။ ခြားနားချက်ကလည်း သတင်းမီဒီယာမှာ ရှိပါတယ်။  ဒါပေမယ့် ဘယ်အရာမှတော့ လွယ်လွယ်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းအရ ရွေးကောက်  ခံရတဲ့ အစိုးရတွေတောင် လွယ်လွယ်နဲ့ အာဏာလက်မလွတ်နိုင်တဲ့ သာဓကတွေ ရှိနေ တာပဲ မဟုတ်ဘူးလားလို့ ပြန်ဖြေလိုက်ပါတယ်။

(၅)
သူက NLD ဟာ ၁၉၉၀ နဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ Landslide အနိုင်ရခဲ့သလိုမျိုး အခုနိုင်ပါဦးမလား။ နိုင်ပြီးရင်ကော အစိုးရအဖွဲ့တစ်ခုအဖြစ် ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်      မှုတွေ ရှိနေတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ပတ်သက်ရင် အရမ်းလိုက်လျောမှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေအပေါ်မှာရော ဘယ်လိုမြင်ပါသလဲလို့ ထပ်မေးခွန်းထုတ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ NLD အနိုင်ရ ဖို့ များပါတယ်။ Landslide မဟုတ်ရင်လည်း တခြားသူတွေနဲ့    ပေါင်းပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော် စိတ်ပူတာက နိုင်ပြီးအစိုးရဖွဲ့ရင် လက်ရှိအနေအထားနဲ့ အရည်အချင်းပြည့်ဝတဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်မလား၊ နောက်ပြီး NLD မှာ ခုထက်ထိ ဒေါ်အောင် ဆန်းစုကြည်ကို Power Struggle အင်အားပြိုင်လုပ်နိုင်မယ့် ခေါင်းဆောင်မှုစနစ် မရှိပါဘူး။

အခုလက်ရှိ ဗျူရိုကရေစီ ယန္တရားက ခြစားနေတယ်။ ဒီယန္တရားနဲ့ အတွေ့အကြုံမရှိမှုပေါင်းရင် Mismanagement ဖြစ်မယ်။ Mismanagement က corruption ကို ဖြစ်စေမယ်။ တိုင်းပြည်မှာ   စီးပွားရေး၊ လူမှုရေး မငြိမ်သက်မှုတွေ ဖြစ်နိုင်တယ်။ ဒါဆိုရင် စစ်တပ်က သြဇာလွှမ်းမိုးမယ်။ အဆင်မသင့်ရင် ဖဆပလလို ဖြစ်သွားနိုင်တယ်။ သမိုင်းတစ်ပတ်လည်သွားမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို အရမ်းလိုက်လျောလွန်းတယ်။ အစိုးရကို လိုက်လျောလွန်းတယ်။ ဘက်ပြောင်းသွားသလား ဆိုတာကိုတော့ ကျွန်တော်လုံးဝ ငြင်းပယ်ပါတယ်။

သူမဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် သေတဲ့အထိ ပြောင်းလဲမယ့်သူမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့  အားလုံး သိပါတယ်။ သူမဟာ အသက် ၇၀ နား နီးနေပါပြီ။ သူ့ဘ၀မှာ တိုင်းပြည်အတွက် အလုပ်လုပ်    ချိန် အများကြီးမရှိတော့ပါဘူး။ ဒီတစ်ခါ တိုင်းပြည် အပြောင်းအလဲမဖြစ်ရင် မဖြစ်တော့ဘူး။ ဗိုလ်ချုပ်တွေနဲ့ နှစ်ပေါင်း ၂၅ နှစ် ခါးသီးတဲ့ အတွေ့အကြုံရထားပြီ။ အပြောင်းအလဲအတွက်     သူမဘာတွေ လုပ်ရမယ်ဆိုတာ အရမ်းနားလည်နေပါပြီ။ သူသာ ဒီလိုမပျော့ပျောင်းရင် ခင်ဗျားလည်း ဒီလိုလာနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ဂျာနယ်လစ်တွေလည်း ဒီလိုရေးနိုင်မှာ မဟုတ်ဘူး။ ဆန္ဒပြသူတွေလည်း ဒီလိုဆန္ဒပြနိုင်မှာ မဟုတ်ဘူး။ ကုန်ကုန်ပြောရရင် သမ္မတကြီးလည်း အခုလို နိုင်ငံတကာမှာ မျက်နှာပွင့်ပွင့် လျှောက်သွားနိုင်မှာ မဟုတ်ဘူး။ သူမဟာ သူ့ရဲ့မာနကိုချပြီး လိုက်လျောမှုတွေ လုပ်နေတာ ဘက် ပြောင်းသွားတာတော့ မဟုတ်ဘူး။ အသက် ၇၀ နား နီးနေတဲ့သူတစ်ယောက်ရဲ့ နိုင်ငံအပေါ်ထားရှိတဲ့ စေတနာပါလို့ ဖြေခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်စရာတွေတော့ အများကြီးပါပဲ။ ရခိုင်နဲ့ ဘင်္ဂါလီအရေးကိစ္စ၊ ကချင်စစ်ပွဲကိစ္စတွေမှာ ကြားနေပြီး အမုန်းမခံခဲ့ပေမယ့် လက်ပံတောင်းတောင် ကိစ္စမှာ နိုင်ငံရေးလုပ်ရင် အမုန်းခံရမယ်ဆိုတာကိုတော့ နားမလည်ပါဘူး။ဒါပေမယ့် ကျွန်တော်က   ကော်မရှင်အစီရင်ခံစာကို ၈၀ ရာခိုင်နှုန်းအထက်မှာသဘောတူပါတယ်။ ဒေသခံတွေအတွက်    ဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ကော်မရှင်နဲ့ မဆိုင်ပါဘူး။ ဖော်စပရပ်ပါတဲ့ မီးခိုးဗုံးပဲ ခေါ်ခေါ် မီးလောင်ဗုံးပဲခေါ်ခေါ် ဒါဟာ ဆန္ဒပြသူတွေကို သုံးစွဲသင့်တာ မဟုတ်ပါဘူး။ Guilty or not guilty         လို ယတိပြတ်စွဲရင် Guilty ပဲပေါ့။ ဒီအတွက် ဒေသခံတွေ ကော်မရှင်ကို မငြိုငြင်ပါနဲ့။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ချင်တာက ဒီကိစ္စ ဘာမှတာဝန်ယူစရာ မလိုပါဘူး။ ဒီဒေသခံတွေနဲ့ အလောသုံးဆယ် တွေ့စရာမလိုပါဘူး။ နှစ်သိမ့်ပေးစရာ မလိုပါဘူး။ အကောင်းဆုံး အကြံတွေပေးပြီးပြီ။ တာဝန်ကျေပြီပဲ။ ညှိနှိုင်းရမှာ အစိုးရ၊ ဦးပိုင်နဲ့ ကာယကံရှင်တွေပါ။ တကယ်လို့ အသက်အန္တရာယ်သာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့ နိုင်ငံလည်း ၁၉၄၇ တုန်းက ဗိုလ်ချုပ်လုပ်ကြံခံရသလို ဒုက္ခမရောက်ပေဘူးလား။ ၂၀၁၅ မှာ NLD အာဏာရမလား၊   ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလား၊ ကျွန်တော်ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့်   ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ရှည် ကျန်းကျန်းမာမာရှိနေရင်ကို ကျွန်တော်တို့နိုင်ငံ   ရှေ့ခရီးအတွက် လုံလောက်နေပါပြီ။

Written by သန်းထွဋ်အောင်