ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး
ဆုတောင်းပွဲကို ယနေ့(၂၅-၈-၂၀၁၂)ရက်နေ့ မနက်(၁၀)နာရီတွင် မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးတွင်
ကျင်းပကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီက ကြိုးပမ်းကျင်းပခြင်း ဖြစ်ပြီး၊ ဝါကျွတ်အီး(ဒ်)ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပနေကျ ပုံစံမျိုးထက် ပြည့်စုံကောင်းမွန်သော အထူးအစီစဉ် တစ်ရပ် အဖြစ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ မဟာထေရ်ဆရာတော်ကြီး အပါး(၃၀)ကျော်တို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှူဒါန်းသည့် ဆွမ်းကပ်ပွဲကိုပါ ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းခြင်း
အစီစဉ်ကိုပါ ဖြည့်စွက်ကျင်းပခဲ့ကြောင်း သိရပါတယ်။ မူလက မန္တလေးမြို့၊ ၆၄-လမ်းနှင့် ၇၂ လမ်းထောင့်၊ အိုရီယန်တယ်ဟောက်(စ်)ခန်းမ၌
ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ နေရာရွှေ့ကျင်းပခြင်း
ဖြစ်ကြောင်း၊ တောင်ပြင်ထီးလင်းတိုက် ဇောတိကာရုံ အုဋ်ကျောင်းဆရာတော်
ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်(၄၀)ပါးနှင့် ဘာသာပေါင်းစုံ
ကိုယ်စားပြု ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊
သတင်းမီဒီယာ များ စုံလင်စွာ တက်ရောက်ကြောင်း သိရပါတယ်။
တောင်ပြင်ထီးလင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇောတိကာဘိဝံသ မထေရ်မြတ်ကြီး
သြဝါဒပေးအပြီးမှာ ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော် မတီ ဥက္ကဋ္ဌ
ဦးအောင်ဇော်ဝင်း(စွမ်းအားလျှပ်စစ်)၊ ခရစ်ယာန်ဘာသာမှ ဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာမှ ဦးသိန်းဝင်းအောင်(အမရပူရ)၊ ဗဟာအီဘာသာလူငယ်တို့က အသီးသီးဆုတောင်း မေတ္တာပို့သကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလျှောက်ထားကြပါတယ် ။
သံဃာတော်များကို ဆွမ်းကပ်၊ သင်္ကန်းကပ်အပြီးမှာ ဧည့်ပရိသတ်များကို
ဧည့်ခံကျွေးမွေးကြပါ တယ်။ ဒီပွဲမှာ အရှင်ဝီရသူက ကိုယ်တိုင်ရေးစာအုပ်(၅၀)ကို
ဘာသာရေးခေါင်းဆောင် အသီးသီးအား လက်ဆောင်ပေးခဲ့ပါတယ်။ အရှင်ဝီရသူပေးတဲ့
စာအုပ်က “သေနေ့မင်္ဂလာ တရားတော်” ဖြစ်ပါတယ်။ ဘာသာလူမျိုး ဘယ်လိုပဲကွဲကွဲ
သေခြင်းတရားကို ရင်ဆိုင်ရမှာတော့ အတူတူပဲ ဖြစ်လို့ ဒီတရား စာအုပ်ကို
ရွေးချယ်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့်ဒီတရားတော်ကိုလည်း
ဖြစ်ကြီးနားထောင်မှာ ရေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဒီပွဲနှင့်ပက်သက်လို့ အရှင်ဝီရသူကို မေးရာမှာ “ကြည်နူး စရာပါ။ ဘာသာရေး
ခေါင်းဆောင်တိုင်းက သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်း ငြိမ်းချမ်းရေးအတွက်
ဆုတောင်းသွားကြတယ်။ သူတို့ဆန္ဒအတိုင်းတကယ်လုပ်ဖို့ လိုသလို သူတို့ဘာသာဝင်တွေကလည်း သူတို့လို လိုက်နာပြုကျင့်ဖို့လိုတယ်။
ဒါဆိုရင် ဒီပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မန္တလေးမြို့ကြီး
ငြိမ်းချမ်းရေး၊ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး၊ ကမ္ဘာလောကကြီး
ငြိမ်းချမ်းရေးတွေဟာလည်း အလိုလိုပြီး ပြည့်စုံသွားမှာပါ”လို့
ဖြေကြားသွားပါတယ်။ အကြိမ်ကြမ် ပွဲပျက်ခဲ့ရခြင်းနှင့် ပတ်သက်လို့ လည်း
အရှင်ဝီရသူက အခုလို မှတ်ချက်ချသွားခဲ့ပါတယ်။ “အဆိုအမိန့် တစ်ခုရှိတယ်ဗျ။
အဲဒါက- မုန်တိုင်းပြီးရင် လေပြေလာစမြဲတဲ့။ အခုလို လေပြေလေးနှင့်
ထိတွေ့ရတော့ အအေးဓာတ်ရတာပေါ့ ဗျာ။ မုန်တိုင်းဒဏ်ခံရကျိုးနပ်တာ ပေါ့။”
“နောက်တစ်ခုက- မိုးရွာခါနီးမှာ နေပူရှိန်ဟာ ပိုပြင်းလာတတ်တယ်တဲ့။ ဒီလို
မိုးလေးတွေရွာစေချင်လို့ ပိုပြီးပူပြတာပဲလို့ပဲ အောက်မေ့ မိတယ်။”
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးကျင်းပဖို့ ပြင်ဆင်ရာမှာ
သုံးကြိမ်တိတိ ပျက်ပြားခဲ့ ရကြောင်း၊ ပထမအကြိမ် ဈေးချိုဟိုတယ်နှင့်
ဒုတိယနှင့် တတိယအကြိမ် အိုရီယန်တယ်လ်ဟောက်(စ်) မှာ ကျင်းပဖို့
စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒီလို ပျက်ပြားရတာနှင့် ပတ်သက်လို့
တိုင်းဒေသကြီးအစိုးရအပေါ် အမျိုးမျိုးအဖုံဖုံ ဝေဘန်မှုများ ရှိနေကြောင်း
သိရပါတယ်။ ဘာသာရေးပေါင်းစုံ ပေါင်းစုံရာမှာ ပြဿနာဖြစ်မှာကြောက်လို့
ခွင့်မပြုတာလို့ လုံခြုံရေးဘက်က တွေး သလို ဘာသာပေါင်းစုံ
ပေါင်းစုံမိသွားမှာကို မလိုလားလို့ ဖျက်ဆီးတာဆိုတဲ့ နိုင်ငံရေးဘက်ကလည်း
ထင်မြင်ယူဆနေတာတွေ ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ကြီးမှာတော့
မဖြစ်စဖူး အဖြစ်ထူးတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို
အခက်အခဲ အမျိုးမျိုးကြားထဲမှ အားခဲလို့ ဆောင်ရွက်ကြ တာ အခုဆိုရင်
လုံးဝပြီးစီး အောင်မြင်သွားပြီ ဖြစ်ကြောင်းပါခင်္ဗျာ။