Sunday, June 24, 2012

တူညီတာတွေ တွဲလုပ်ပြီး မတူညီတာတွေ ညှိနှိုင်းဆောင်ရွက်ကြမည့် ပြုပြင်ပြောင်းလဲရေး( သို့မဟုတ် )
အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်း


 24 June 2012
တူညီတာတွေ တွဲလုပ်ပြီး မတူညီတာတွေ ညှိနှိုင်းဆောင်ရွက်ကြမည့် ပြုပြင်ပြောင်းလဲရေး...... စနစ်ဆိုးအောက်မှာ ခေတ်အဆက်ဆက် ဆင်းရဲမွဲတေမှုများနှင့် အလိုမတူပဲ ပေါင်းဖက်နေရသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အနာဂတ်ဘ၀ သာယာလှပစေရန် ဒေါ်အောင်ဆန်းစုကြည်     သည် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ အလုပ်အကိုင်သစ်များ ပြည်တွင်းမှာဖန်တီးဖို့ ကြိုးစား   ဆောင်ရွက်ရင်း ပြည်တွင်းငြိမ်းချမ်းရေး ၊အမျိုးသားပြည်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်သူ့အပေါ်ဖိနှိပ်သော မတရားဥပဒေတွေ ပြင်ဆင်ရေး စသော ကိစ္စအ၀၀ကို   ဆောင်ရွက်ဖို့ အပူတပြင်း လုံးပမ်းနေတာတွေ့ရပါသည် ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း
လဲရေးမှာ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့် အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ  ကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့   ပြည်သူ အားလုံးအတွက် တကယ်အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်လို့ ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန်ပါလီမန်မှာမိန့်ခွန်း ပြောကြားခဲ့ပါသည်။   ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဆန်ဘိုးထားသော ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များအပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတွေက သူမ သွားလေရာ ဥရောပ ခရီးစဉ်တိုင်းမှာ ခြိမ့်ခြိမ့်သည်း ထောက်ခံအား
ပေး ခဲ့ကြပါသည် ။ဒါက ဘာကို ပြသ သလဲဆိုရင် စစ်မက်တွေ မကြာခဏဖြစ်ပျက်နေသော ကမ္ဘာမှာ   ငြိမ်းချမ်းရေးအတွက် သူမ၏ ဘ၀တစ်ခုလုံး ရင်းနှီးပေးဆပ်ပြီး ရယူနိုင်ရန် ကြိုးစားအားထုတ်မှုကို အားပေးထောက်ခံရာ ရောက်သလို မြန်မာပြည်၏ အဖိနှိပ်ခံ လူထု ဘ၀လွတ်မြောက်ဖို့ ရောင်ခြည်    သန်းလာခြင်း ဆိုရင် မှားမည် မထင်ပါဘူး ။ အနာဂတ် မြန်မာပြည်တွင် စီးပွားရေး ၊ နိုင်ငံရေး ဆိုင်ရာ   ပြုပြင်ပြောင်းလဲမှုများ မလွဲမသွေ လိုအပ်သလို အလုပ်သမားအခွင့်အရေး ၊ တောင်သူလယ်သမား အခွင့်အရေး ၊ ကျောင်းသားအခွင့်အရေး ၊ လူ့အခွင့်အရေး ၊ တိုင်းရင်းသားအရေး ပြဿနာပေါင်းများ  စွာက မဖိတ်ခေါ်ပဲ လွှတ်တော်တံခါးဝမှာ အသင့်စောင့်စားနေကြပါသည် ။ သေချာတာ တစ်ခုကတော့ တူတာတွေ တွဲလုပ်ပြီး မတူညီတာတွေ ညှိနှိုင်းဆောင်ရွက်ကြသောအခါ တိုင်းပြည်နှင့် လူထုမျက်နှာကို မဖြစ်မနေကြည့်ကြရမှာ ဖြစ်ပါသည် ။ မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀နဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ပြင်ဆင်နေပြီဖြစ်ကြောင်း    သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်း   မတွင် ကျင်းပသော အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည် ။ထိုသို့ ပြောကြားရာတွင်ဆင်းရဲ မွဲတွေမှု လျော့ချရေးအတွက် အစိုးရကနေ စီမံသွား ဖို့ ပြင်ဆင်မှုတွေလည်း ပြောထားပါတယ်။      ဒီအထဲမှာ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေကြောင်း     လည်း ထည့်သွင်းပြောသွားပါတယ်။ ဒီလို စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ပြည်ပအကူအညီ အထောက်အပံ့နဲ့ ချေးငွေတွေလိုအပ်သလို၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း လိုအပ်ကြောင်း၊   ပြည်ပမှာရှိနေ တဲ့ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာ ကျွမ်းကျင်သူတွေကိုလည်း လက်တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲကို အဆင့်တိုင်းမှာ ဆွေးနွေးအဖြေရှာခြင်းဖြင့် ဆောင်ရွက်မယ်ဆိုရင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော် မှုတွေလိုမျိုး လမ်းမတွေပေါ်ထွက်ပြီး တောင်းဆိုမှုတွေ လုပ်စရာမ လို တော့ကြောင်းလည်း ပြောထား ပါတယ်။ အထက်ပါ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်များကို ကြည့်လျှင် ယနေ့လူထု၏လို လားတောင့်တမှုများကို တနည်းတဖုံ ဖြည့်ဆည်းဆောင်ရွက်ချင်ကြောင်း အရိပ်အမြွက် ပြထားသလို အတိအလင်း ပြင်ဆင်မှုများကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်နေကြောင်း ရှင်းလင်းထားသည် သို တွေ့ရပါသည် ။တခြားတဖက်တွင်လည်း အခက်အခဲ အကြပ်အတည်းတွေ ရင်ဆိုင်နေရကြောင်းသိသာ ထင်ရှားပါသည်။ ပြည်တွင်းစစ်ဖြစ်နေသော တိုင်းပြည်တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခြင်းသည် ပလိုင်းပေါက်နှင့် ဖားကောက်သလို ဖြစ်မည်ကို စိုးရိမ်ပူပန်နေသော နိုင်ငံတကာကို နားလည်နိုင်ပြီး စီးပွားရေးအတွက် တိကျ ခိုင်မာသော ဥပဒေသများ၏ အားနည်းချက်ကလည်း စီးပွားရေး ရင်းနှီးမြုပ်နှံ လိုသူများအား လက်ရှောင်စေခြင်း၏ အချက်လည်း ဖြစ်နိုင်ချေရှိပါသည် ။ လာမည့်လ အနည်းငယ် အတွင်း ဦးသိန်းစိန်လည်း ဗြိတိန်ခရီးစဉ်ကို သွားဖို့ ပြင်ဆင်နေသည့် သတင်းများလည်း ထွက်ပေါ်နေ ပါသည် ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ အထီးကျန်ပြီး စီးပွားရေး ပိတ်ဆို့ခံထားရသော မြန်မာပြည်အစိုးရကို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ တင်ပေးခြင်း ဆိုလည်း မမှားပါဘူး ။ အတိုက်အခံ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးသိန်းစိန်တို့ကြားမှာ လက်ရှိ အခြေအနေအရ ချပြ၍ မဖြစ်နိုင်သော နားလည်မှု တစ်စုံတစ်ရာ တည်ဆောက်ထားမှုများ ရှိနိုင်ကြောင်း သိမြင်သုံးသပ်နိုင်ပါသည် ။ သမ္မတ ဦးသိန်းစိန်ကို ချီးကျူး     ဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို   တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာ တာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ပါလီမန်မှာမိန့်ခွန်း   ပြောကြားခဲ့ပါသည် ။ အသက် ၆၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့်သတင်းစာရှင်း လင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။   ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ် အကျယ်ချုပ်ကို နှစ်ရှည် ကျခံခဲ့ရသဖြင့် ကျန်းမာရေး မကောင်း ကြောင်း အရင်တုန်းက သတင်းများထွက်ပေါ်ဘူးပါသည် ။ အသက် ၆၇ နှစ်အရွယ်ရှိနေပြီ   ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်တယ်လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။ဒုတိယသမ္မတ ဦးတင်အောင်     မြင့် ဦးသည်လည်း ကျန်းမာရေးအခြေ အနေကြောင့် မေလ ၃ရက်နေ့၌ ထွက်စာတင်လိုက် ကြောင်း   နိုင်ငံခြားသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။ ကိုမင်းကိုနိုင်အပါအ၀င် ၈၈၈၈ မျိုးဆက်   ကျောင်းသားခေါင်းဆောင် များ ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ ၊ တိုင်းရင်းသား   ခေါင်းဆောင်များသည်လည်း ထောင်နှစ်ရှည် ကျခံခဲ့ခြင်းကြောင့် ကျန်းမာရေး အပြည့်အ၀ကောင်းကြ ရဲ့လားဟု စိုးရိမ်နေရပါသည် ။ တဖက်နှင့်တဖက် အငြီုးအတေး အမုန်းများဖြင့် အမြစ်ပြတ် ချေမှုန်းရေး လမ်းကြောင်းအစား ငြိမ်းချမ်းရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုင်းပြည်နှင့်လူထု ရေရှည် နစ်နာမည်အား စိုးရိမ်၍ ရွေးချယ်ခဲ့ကြောင်းဖြစ်နိုင်သလို အသက်အရွယ် ကျန်းမာရေး ကိစ္စရပ်များက  လည်း တနည်းတဖုံ ပတ်သက်နိုင်ကောင်းပါသည် ။ ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်သည် လာမဲ့   ၂၀၁၅ မှာ အနားယူမည် ဟု ကောလဟာလများလည်း ထွက်ပေါ်ခဲ့ပါသည် ။ အထက်ပါ မျိုးချစ် စိတ်ဓာတ်ရှိသူများ၏ နေ့စဉ်ရက်ဆက် တိုင်းပြည်အကျိုး လုပ်ဆောင်နေမှုများကို ကြည့်မြင်သုံးသပ်လျှင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို မသေခင် တိုင်းပြည် ငြိမ်းချမ်းတိုးတက်တာ မြင်ချင်နေကြသူ များ ဖြစ်ပေလိမ့်မည် ။ ဆိုလိုသည်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် တိုင်းကျိုးပြည်ကျိုး လုပ်ဆောင်   နေသူများကို ပြည်သူလူထုက လိမ္မာပါးနပ်စွာ ၀န်းရံ ကြစေချင်ပါသည် ။လူထုအကျိုးစီးပွား လုပ်ဆောင်   နေသူများအတွက် ပြည်တွင်း ပြည်ပ ပြည်သူလူထုမှ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးမှုများအပြင် လူထုအသံ လူထုအားသည် အနာဂတ်မှာ မလွဲမသွေ လိုအပ်နေပါသည် ။ ပြုပြင်ပြောင်းလဲခြင်းကို   ခြိမ်းခြောက်နေသော အဖျက်ရန် တစ်စွန်းတစ်စ တချို့သော လူ့အဖွဲ့အစည်းများကတော့ နိမ့်ကျသော အဖိနှိပ်ခံလူထုဘ၀ကို မကူညီချင်သည့် အပြင် မိမိတစ်ကိုယ်ရည် အကျိုးစီးပွား ( သို့မဟုတ် ) လူတစ်စု   ကောင်းစားရေးအတွက် အစွမ်းကုန် ကြိုးစားရင်း ပြုပြင်ပြောင်းလဲရေးကို မဖြစ်မြောက်စေရန် ဘက်ပေါင်းစုံက အနှောက် အယှက်များပေးနေကြတာကို တွေ့မြင်ရနိုင်ပါသည် ။ ဘာသာရေးပဌိပက္ခ ဟာ သွေးထွက်သံယို မှုများကိုသာ ဖြစ်ပေါ်စေပြီး လုမျိုးရေး မုန်းတီးမှု ဘာသာရေးအစွန်းရောက်မှု များနှင့်အတူ ဘယ်ဘာသာဝင်ကိုမျှ အကျိုးပြုမည် မဟုတ်မှာ ကျိန်းသေပါသည် ။ သို့သော် ၄င်းနောက် ကွယ်မှ ကြိုးကိုင်နေသူများရှိခဲ့လျှင် ထပ်မံ မဖြစ်ပွားစေရန် အစိုးရ အတိုက်အခံ သာသာရေးခေါင်းဆောင် များမှတိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် စုံစမ်းစစ်ဆေရေး ကော်မရှင်မှ တဆင့် ဥပဒေအတိုင်း သင့်မြတ်မှန်ကန်စွာ ကိုင်တွယ် ဆောင်ရွက်ဖြေရှင်းကြရမည် ဖြစ်ပါသည်။ ကျနော်တို့ မေးခွန်းထုတ်ရမည့် ပြဿနာတွေရှိသလို အဖြေရှာရခက်သော လူတန်းစားပျက်များ၊ အခွင့် ထူးခံလူတန်းစားများကို ခေတ်ပျက်၏ ပြည်တွင်း ပြည်ပ နေရာတကာမှာ တွေ့ရှိရပေသည်။ အာဏာရှင် စနစ်ကို ကြားကန်ပြီး အခွင့်အရေး အပြည့်အ၀ရသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စစ်အာဏာ ရှင်စနစ်၏ အကြွင်းအကျန် အစိုးရအရာရှိကြီးများ ပြည်တွင်းပြည်ပ လက်နက်ပွဲစား နိုင်ငံများ အပါအ၀င် လူထုနှင့်ကင်းကွာသော လုပ်စား NGOများသည် ပြုပြင်ပြောင်းလဲရေးကို လိုလားကြရဲ့လား။ တိကျ မှန်ကန်သော နိုင်ငံရေး စီးပွားရေး ဥပဒေသများဖြင့် လူတန်းစားပေါင်းစုံကို ဘ၀လုံခြုံရေး ၊ တိုးတက် သာယာသော ဘ၀သစ်တည်ဆောက်နိုင်ရေးအား ဖန်တီးနိုင်သော တနေ့မှာ အတူတစ်ကွ ပူးပေါင်း   ဆောင်ရွက်ရေးဟာ ရေခံမြေခံကောင်းလာမည်မှာ မြေကြီးလက်ခတ် မလွဲပါဘူး။ အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်း ကျနော့ ဆောင်းပါးအား အဆုံးမသတ်ခင် အတွေးအခေါ် အားကောင်းသော   ဆောင်းပါးတစ်ခုမှ ကောက်နှုတ်ချက်ကို အလျဉ်းသင့်၍ မျှဝေ ခံစားချင်ပါသည် ။ Stephen Covey   ရေးသားတဲ့ The 7th Habits of Highly Effective people မှာပါတဲ့ အဆုံးကိုမြင်ထားပြီး အစပြုဆောင် ရွက်ခြင်း ဆောင်းပါးဟာ လူ့လောက ကို ခပ်ပေါ့ပေါ့ သဘောထားဖြတ်သန်းနေသူတွေအတွက်သာမက အခက်အခဲ အကြပ်အတည်းထဲမှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုင်စွဲရမဲ့ လက်နက်ကဲ့သို့ စိတ်ဝင်စားဖွယ် အတိနှင့် ပြည့်နှက်နေသည့် စဉ်းစားဆင်ခြင်ဖွယ်ကောင်းသော ဆောင်းပါးကောင်း တပုဒ်ပါ။ ဒီဆောင်း ပါးမှာ စာဖတ်သူကို စဉ်းစားကြည့်ဖို့ တိုက်တွန်းထားတာက သင့်ရဲ့ အခင်မင် အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းရဲ့ အသုဘနောက်ဆုံးခရီး ပို့ဆောင်ဖို့ အတွက် ဘုရားရှိခိုးကျောင်းကို သင်ရောက်နေတယ်။ ဘုရားကျောင်း စင်္ကြံလမ်းတလျောက် သင်လျှောက်လာစဉ် ဘုရားရှစ်ခိုးတဲ့ အော်ဂင်သံ သဲ့သဲ့ကြားနေ ရပြီး သင့်မိတ်ဆွေဟာ အသုဘ အခေါင်းထဲမှာ မငြိမ်မသက် လဲလျောင်းနေတယ် ။ သေဆုံးသွားသူ သင့်မိတ်ဆွေ အကြောင်းကို မိတ်ဆွေ သူငယ်ချင်းတစ်ဦး ၊ ဆွေမျိုးသားချင်းတစ်ဦး ၊ လုပ်ဖော်ကိုင် ဖက်တစ်ဦး ၊ ဘုရားရှိခိုးကျောင်းမှ တစ်ဦးတို့က အလှည့်ကျ လွမ်းဆွတ်ဖွယ်ပြောနေကြတယ်။ တနေ့ကျရင် ယခုလို အခေါင်းထဲလှဲလျောင်းနေသူမှာ သင်ကိုယ်တိုင်ဖြစ်နေခဲ့ရင် သင့်အကြောင်းကို လူတွေက ဘယ်လိုပြောချင်ပါသလဲ၊ ထိုအခါ အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်းဟာ   ဖြစ်ပေါ်လာပါတယ် ။ အဲဒါက တွေးတော ဆင်ခြင်စရာတွေ တပုံတပင်နှင့် ဆောင်းပါးရဲ့ ဆိုလိုရင်း အနှစ်ချုပ်ပါ ။ အမှန်အမှား ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ အဲဒီဆောင်းပါးကို အောင်စောဖြူဘာသာပြန် ထားတဲ့အပြည့်အစုံကိုတော့ အလျဉ်းသင့်ရင် နောက်မှ တင်ဆက်ပေးပါ့မယ် ။ ဒီနေရာမှာ စဉ်းစားမိတာ   က လူဆိုတာ အကောင်းအဆိုး ဒွန်တွဲနေသော သတ္တ၀ါမို့ အမှန်အမှား ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ ။ ပြုပြင်ပြောင်းလဲခြင်းဆိုတာ ဘယ်တော့မှ နောက်မကျသလို ငြိမ်းချမ်းရေးနှင့် အမှန်တရားသစ္စာကို   မြတ်နိုးတဲ့ စိတ်ဓာတ်ဟာလည်း အမြဲတန်းရှင်သန်အောင်ထိမ်းသိမ်းရင် လောကဟာ လှပသာယာ အမြဲ သစ်လွင် နေမှာဖြစ်ပါသည် ။ ကျနော်တို့ မြန်မာပြည်မှာလည်း နှစ်ကာလများစွာ ဆိုးဝါးတဲ့ ခေတ်ကာလ များ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီမို့ အတိတ်က သင်ခန်းစာ အမှားများကို ဆင်ခြင်သုံးသပ်ရင်း  ကောင်း မွန်သော လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းလိုသူများ မလွဲမသွေ ရှိကြမှာကို အကောင်းမြင်မှု တစ်ဝက်ဖြင့် သုံးသပ်ပြောဆို ချင်ပါသည် ။ မသေခင်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် တခုခုလုပ်ဆောင်  မည်လား သို့တည်းမဟုတ် သာမန်လူသားတစ်ယောက်လို သမိုင်းပေးတာဝန်ကို ပခုံးထမ်းတာဝန်မယူပဲ   ရှောင်ရှားနေမည်လား မိမိတို့ ကိုယ်တိုင် ရွေးချယ်ကြရမှာပါ ။ နေ့စဉ် စားဝတ်နေရေး စီးပွားရေး ကိစ္စအ၀၀ဟာလည်း နိုင်ငံရေးနှင့် အကျုံးဝင်နေသည်ဟု သင်သိရှိလျှင်ဖြင့် သင့်နိုင်ငံ၏သမိုင်းဟာ   သင်နှင့် တနည်းတဖုံ မလွဲမသွေ ပတ်သက်နေမှာပါဟုပြောလျှင် သင် ငြင်းချက် ထုတ်မည်လား။

 အောင်ခိုင်မြင့် ၂၄ ဇွန်လ ၂၀၁၂