Thursday, May 17, 2012

အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးသန်းဆွေအား အဆိုပြုမည်


မေလ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြား မကြာမီလုပ်ဆောင်ရန်ရှိသည့် သံအမတ်ကြီး အဆင့်ထားရှိရန် အစီအစဉ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ယခုလက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးသန်းဆွေကို အဆိုပြုမည်ဖြစ်သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနနှင့် နီးစပ်သည့်သတင်းရပ်ကွက် အရသိရှိရသည်။

အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ၏ ခရီးစဉ်အတွင်း ယင်းကိစ္စကို အမေရိကန် အစိုးရထံသို့ အဆိုပြုတင်ပြသွားရန်ရှိသည်ဟုလည်း သိရှိရ

သည်။

ဦးသန်းဆွေမှာ ယခင်က နယ်စပ်စည်ပင် ၀န်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် လုပ်ကိုင်ခဲ့သည့်နောက် နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်း ဖြစ်သည်။

ယခုလက်ရှိ အမေရိကန် ပြည်ထောင်စု မြန်မာသံရုံးတွင် သံမှူးကြီး အဆင့်သာထားရှိသေးပြီး လက်ရှိသံမှူးကြီးမှာ တပ်မတော်အငြိမ်းစား ဦးစိုးပိုင် ဖြစ်သည်။

အမေရိကန်နိုင်ငံဘက်မှလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် သံအမတ်ကြီးအဖြစ် လက်ရှိ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကို အဆိုပြုထားသည်ဟု သတင်းဖေါ်ပြချက်များအရ သိရသည်။ ။