ရန်ကုန်၊ ဧပြီ ၂၅
မြန်မာ တစ်နိုင်ငံလုံးရှိ လမ်းတံတား လုပ်ပိုင်ခွင့်များ ပုဂ္ဂလိကသို့ ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ပြုခဲ့ပြီး
နောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီအချို့ က ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သတ်မှတ် သဘောတူညီ ထားချက်များကို ချိုးဖောက်မှုများ ရှိလာခဲ့ရာ အစိုးရမှ ပြန်လည် ထိန်းချုပ် လုပ်ကိုင်တော့မည်
ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင်၍ လမ်းအသုံးပြုခများအား ပျမ်းမျှ ကောက်ခံရာတွင် ရရှိငွေ၏
ရှစ်ဆယ် ရာခိုင်နှုန်းကို နိုင်ငံတော်မှရယူပြီး ကျန်နှစ်ဆယ် ရာခိုင်နှုန်းအား ပုဂ္ဂလိကမှ လည်းကောင်း၊ တံတား အသုံးပြုခ ပျမ်းမျှ ကောက်ခံမှုမှ ရရှိငွေ၏ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရယူပြီး ကျန်တစ်ဆယ့်ငါး ရာခိုင်နှုန်းအား ပုဂ္ဂလိကမှ ရယူရန် သတ်မှတ်ထားကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။
အလားတူ တန်ပိုဂိတ်များနှင့် တံတားများအလိုက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်သည့် နှုန်းအတိုင်း ကောက်ခံရန် ဧပြီလ ၂၁ ရက်နေ့က အသေးစိတ် ထုတ်ပြန်လိုက်သည်။
"ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ပေးပြီး ကောက်ခံခိုင်းပါတယ်။ ဒါထက် ပိုပြီး ကောက်ခံတဲ့ သူတွေရှိလို့  လာတိုင်ရင် ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် စစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာပါ" ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ The Voice Weekly က လေလံလုပ်ပိုင်ခွင့်ရ ကုမ်ပဏီတစ်ခု ဖြစ်သည့်
Max Myanmar သို့  အစိုးရ၏ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဖုန်းဆက် မေးမြန်းခဲ့ရာ "သတ်မှတ်ထားတဲ့ နှုန်းအတိုင်းပဲ ကောက်ခံပါတယ်။ သတင်းစာ တွေမှာလည်း ဘယ်လောက်နှုန်းနဲ့  ကောက်ရမယ်ဆိုတာ ပါပါတယ်" ဟု အဆိုပါ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
သို့ ရာတွင် လေလံလုပ်ကိုင်ခွင့် ရထားသည့် ကုမ်မဏီများကသာ လမ်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရမည် ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့  ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အောင်ပန်းဂိတ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန်တီးခရိုင်၊ ဟုမ်မလင်းမြို့ နယ်၊ ဥရုတံတား အသုံးပြုခအား ၁ဝဆ နီးပါး ပိုမို ကောက်ခံနေသဖြင့် ၂၀၁၂ ဧပြီ ၃ ရက်နေ့ နှင့် ၈ ရက်နေ့ များတွင် အရေးယူ ဆောင်ရွက်မှုအဖြစ် လမ်းတံတား လုပ်ပိုင်ခွင့်များအား ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။