Saturday, April 14, 2012

မြန်ဆန်ဘို့  မှန်ကန်စို့ 



          မကောင်းသောစံနစ်မှ ကောင်းသောစံနစ်သို့ ပြောင်းလဲလိုသည်မှာ တိုးတက်လိုသောသူ
 တို့၏ ဆန္ဒဖြစ်ပါသည်။ မကောင်းသောစံနစ်ဆိုသည်မှာအများအတွက်အကျိုးမပြုသောစံနစ်၊
 ကောင်း သောစံနစ်ဆိုသည်မှာ အများကိုအကျိုးပြုသော စံနစ်ဖြစ်ပါသည်။ တိုးတက်လိုသည်ဆိုရာ
တွင် လက်ရှိ အနေအထား လူမှုအဆင့်အတန်းမှ သာလွန်ကောင်းမွန်သော အဆင့်အတန်းကို
 ရောက်ရှိလိုခြင်းပင်။မကောင်းသောစံနစ်ဟောင်းမှ ကောင်းသောစံနစ်ကောင်းသို့ ပြောင်းလဲလိုခြင်း
သည် တော်လှန်ရေး တရပ်ဖြစ်သည်။ မကောင်းသော - အများအတွက်အကျိုးမပြုသော စံနစ်ဟောင်းကို တော်လှန်ခြင်း ဖြစ်ပါသည်။

          ပြောင်းလဲရာတွင် အမြန်ဆုံးပြောင်းလဲလိုချင်ကြသည်။ တော်လှန်ရေးကို အမြန်ဆုံး အောင်
 မြင်စွာ အကောင်အထည်ဖော်လိုကြသည်။ အမြန်ဆုံးဖြစ်အောင်လည်း ကြိုးစားလျက်ရှိကြပါသည်။
          တော်လှန်ရေးတရပ်ဆင်နွှဲရာတွင် ရင်းနှီးပေးဆပ်ရခြင်းများရှိပါသည်။ လူအင်အား အချိန် 
အင်အား ဓနအင်အားများ ပေးဆပ်ရပါသည်။ တော်လှန်ရေးအလျင်အမြန်အောင်မြင်ရန် ပေးဆပ် လှုပ်ရှားသူတွေ များစွာရှိနေပါသည်။ တော်လှန်ရေးအရှိန်အဟုန်မြင့်မားစွာဖြင့် အမြန်ဆုံး အောင်မြင် အဆုံးသတ်စေချင်ကြပါသည်။ ကောင်းသောစံနစ်အောက်တွင် ကောင်းကျိုးချမ်းသာကို အမြန်ဆုံး စံစားလိုကြသည်။
          ယင်းသို့  တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သူများရှိသလို တချိန်တည်းမှာပဲ တော်လှန်ရေးအရေးခြုံလျက် ကိုယ်ကျိုးရှာ နေရာသမားတွေ၊ ပွဲလန့်တုန်း ဖျာခင်း သူ တွေလည်း ရောထွေးပါဝင်လျက်ရှိနေပါသည်။ အခွင့်အရေးသမားတွေ၊ မီဒီယာမှာ အလွန်ပေါ်လွင်
ချင် သူတွေ၊ ပါးစပ်က ဘုရား လက်က ကားယားသမားတွေ၊ အရည်အချင်း အားနည်းပါလျက် ထိပ်ပိုင်း
 နေရာများတွင် ဖင်သံမှိုစွဲလိုသော ရာသက်ပန်ကြီးတွေ၊ အရှုပ်လုပ်နေသူတွေ၊ အရေးထဲအရာပေါ်တဲ့
 ဈေးထဲကဘယာကြော်သယ်တွေ စသည့် လုပ်စားသူများလည်း ကန့်လန့်ကန့်လန့်နှင့် ရောပြွမ်း ပါဝင် နေပါသည်။
အာဏာရှင်စံနစ်ကို တော်လှန်နေပါသည်ဆိုပါမှ အဟိန်းဟောက်အခြိမ်းအခြောက်များပြု 
လျက် အာဏာစက် ထက်လိုသူ အာဏာရှင်ပေါက်စများလည်း ရှိနေပါသည်။

အာဏာရှင်စံနစ်၏ဝိသေသအချို့သည်

(၁) အများအတွက်မကောင်းလျှင်နေ မိမိတို့အုပ်စုအတွက် ကောင်းမည်ထင်သည့်လုပ်ရပ်များကို ဆောင်ရွက်တတ်ခြင်း၊ အများအတွက် မည်မျှပင်ကောင်းစေကာမူ မိမိတို့အုပ်စုအတွက် အကျိုးမပြု သောကိစ္စများကို မဆောင်ရွက်ခြင်း (Negative productivity ) 
(၂)  မိမိနှင့်အလွမ်းသင့်သူများကို အသာရအကျိုးခံစားစေခြင်း (Nepotism ) 
(၃)  မိမိနှင့်မသင့်သူများကို မိမိထက်မည်မျှပင် အရည်အချင်းသာပစေ ထိုသူများကို ဘေးဖယ်ချောင် ထိုးထားခြင်း (Marginalization and jealousy)
           (၄)    ဖြတ်ကနဲပေါ် - ဖြုတ်ကနဲထ - ဖြစ်ကတတ်ဆန်းပြုလုပ်ခြင်း ( ဖဦးထုပ် ၃       
                 လုံးလမ်းစဉ် )
            (၅)   ငသလောက်လမ်းစဉ် (ငါးသလောက်ကိုရိုးရိုးချက်စားလျှင်အရိုးစူးကာ၊ ပေါင်းစား
                   ပါက အရိုးပါ ဝါးစား၍ရသည် ) စသည်တို့ ဖြစ်ပါသည်။
အာဏာရှင်စံနစ်ကို အမြစ်ဖြိုတိုက်ဖျက်နေပါသည်ဟု ပါးစပ်ကပြော၍ လက်တွေ့တွင် အာဏာရှင် 
စံနစ်၏ ကျင့်စဉ်များကို ကျင့်သုံးနေသူများလည်း ရှိပါသည်။ ထိုသူတို့သည် ဖြောင့်မတ်လျော်ကန်သော တော်လှန်ရေးကို နှောင့်နှေးအောင်ပြုလုပ်နေသူများဖြစ်
ပါသည်။ တော်လှန်ရေးကြီး အလျင်အမြန် အောင်မြင် အဆုံးသတ်နိုင်ရေးကို အနှောက်အယှက်   ပေးနေကြသူများဖြစ်ကြပါသည်
 -       အလုပ်မဖြစ် အရွေ့ မရှိပဲ အပြောသက်သက်သာရှိနေသည့် N.A.T.O = No Action 
     Talk Only အဖွဲ့ဝင် များ၊
-       အရေခြုံအယောင်ဆောင်များ(Imposters)၊ မလိမ့်တပတ်နှင့်လိမ်လည်လှည့်ဖျားနေ
     သူများ(Liars)
-       အခွင့်အရေးသမားများ(Opportunists) ဖြစ်ကြသည့် (I.L.O)အဖွဲ့ဝင်များသည်လည်း
တော်လှန်ရေးကြီးကို နောက်ပြန် တွန်းပို့လျက်ကြန့် ကြာနေစေပါသည်။

အုပ်စုဖွဲ့ကာ ကျီးကိုဘုတ်မြှောက်-ဘုတ်ကိုကျီးမြှောက် လုပ်နေတတ်သူများတွင် လက်သင့်ရာ စား တော်ခေါ်နေကြ၍ အခမ်းအနားတိုင်းမှာ တခါလာလည်း ဒီမျက်နှာတွေဖြင့် ဒီရုပ် ဒီအစွဲတွေနှင့် 
ဒီပုတ် ထဲက ဒီပဲများပင် ဖြစ်နေပေသည်။ ပြောဆိုတင်ပြရာတွင်လည်း ဓာတ်ပြားဟောင်းကြီး 
အပ်ကြောင်း ထပ်နေကာ အကြောင်းအရာ အကျိုးအကြောင်းဆက်စပ်မှုမှာလည်း ဝေ့လည် ဝေ့ဝိုက် 
ဝိုးဝါး၍ အကျိုးများတိုးပွါးလာစရာ မရှိဖြစ်နေပေသည်။
          ထိုသူတို့ တွင် မနာလိုမရှုစိမ့်နိုင်မှု အားကြီးကာ လေ့လာဆည်းပူးခြင်းအားနည်းသဖြင့်
           -         အရည်အချင်းမပြည့်ဝမှု
           -         လုပ်ငန်း မကျွမ်းကျင်မှု
           -         အုပ်ချုပ်ရေး ညံ့ဖျင်းမှု
           -         စီမံခန့် ခွဲကွပ်ကဲရေး မနိုင်နင်းမှု
စသည့် ကွင်းဆက်အကျိုးဆက်များ ဖြစ်ပေါ်လာသောကြောင့် တော်လှန်ရေးအရှိန်အဟုန်ကို ကျဆင်းစေ၍ အောင်မြင်မှု အလျင်အမြန်ဆုံး အဆုံးသတ်နိုင်ရေးကို ချိနဲ့ အားနည်းစေပါသည်။

တော်လှန်ရေး မြန်ချင်လျှင် ဟန်ပြင်နေရုံနှင့်မဖြစ်။ မြန်ရဘို့  ဟန်ကျမှဖြစ်မည်။

မြန်ဆန်ဘို့     မှန်ကန်စို့ -
ဘာတွေမှန်ကန်ရမှာလဲ
          စိတ်ထားမှန်ကန်
          ရည်ရွယ်ချက်မှန်ကန်
          လုပ်ရပ်မှန်ကန်
          စေတနာမှန်ကန်
          အရွေ့ မှန်ကန်
          မိမိ၏လိပ်ပြာမှန်ကန်
          အတွေးအခေါ်မှန်ကန်
          အဆင်အခြင်မှန်ကန်
          ဆုံးဖြတ်မှုမှန်ကန်
          သုံးသပ်မှုမှန်ကန်
          ခေါင်းဆောင်မှုမှန်ကန်
          နောက်လိုက်မှုမှန်ကန်
          ကြရန် လိုပါသည်။

          စေတနာမှန်သည့် ကံတရားမှာ အကြံအဖန်သမားတွေအတွက် မဟုတ်ပါ။
                   မြန်ဆန်ဘို့       မှန်ကန်စို့ 
                             နေရစ်တော့ ခေတ်ဟောင်း
                                      ဖွေလှစ်ပေါ့ စံနစ်ကောင်း
                                                ပြည်သစ်ကြော့ တဖြစ်ပြောင်း
                  ခေတ်ကောင်းဘို့  စံနစ်ပြောင်းလို့  အသစ်လောင်းစို့ 
 မောင်မောင်လှကြိုင်
၂၀၀၃ မတ်လ ၁၆ ရက်
တံတားနီနေ့ နှစ်ပတ်လည်