skip to main |
skip to sidebar
“မြန်မာလူထုရဲ့
သူရဲကောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒါကို
သံသယဖြစ်နေ စရာတောင် မလိုပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတာမို့
သူ့ရဲ့ လုပ်ရပ်ဟာ လွှမ်းမိုးနိုင်မှာ သေချာပါတယ်။ ဒါ့အပြင် သူနဲ့
မြန်မာသမ္မတတို့ရဲ့ ဆက်ဆံရေး တိုးတက်မှု ရှိနေတာကလည်း အားတက်စရာပါ။
သူ့ရဲ့ကျွမ်းကျင်လိမ္မာမှုတွေကြောင့်
မြန်မာနိုင်ငံအတွက် အလွန်အားတက်မိပေမယ့် ကျနော်တို့အနေနဲ့ သတိနဲ့
တဆင့်ပြီးတဆင့် စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံက
ပြောင်းလဲမှုတခုချင်းစီအတွက် စောင့်ကြည့် နေရာမှာ ဒါဟာ တဆင့်တက်လာတာပါ။
ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ကတော့ တက်လှမ်းရမယ့်အဆင့်တွေ အများကြီး လိုနေပါသေးတယ်”
“ကျနော်တို့
ဒီကနေ့ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်မှုအားလုံးကို ပြန်ကြည့်ရင် တချို့ဟာ
လွှတ်တော် ကနေချထားတာဖြစ်သလို ကျန် တားမြစ်မှုတွေက သမ္မတက ချမှတ်ထားတာပါ။
ဒါကြောင့် ကျနော်တို့ လွှတ်တော်ဘက်က ချမှတ်ထားတဲ့တားမြစ်မှုတွေအတွက်
ပြန်လှန် သုံးသပ်ပြီး တချို့တားမြစ်ချက်တွေ ကို လျှော့ပေးဖို့
လုပ်ရမှာပါ။ အခုလို ဒီမိုကရေစီရေးတိုးတက်မှုတွေ တွေ့နေရချိန်မှာ
ရှေ့ဆက်ပြီး တိုးတက်မှုတွေ ပိုရှိလာစေဖို့ ကျနော်တို့က
သေသေချာချာအားပေးရမှာပါ”
“ဒီရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး ဖြေရှင်းဖို့ လိုနေသေးတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။
ဒါပေမယ့် အချိန်တိုတိုအတွင်းမှာပဲ သိသိသာသာ ပြောင်းလဲလာတာတွေ့ရပြီး
ယေဘုယျခြုံပြောရရင် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့
ရပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ပါဝင်တဲ့ ရွေးကောက်ပွဲဟာ သိပ်အရေးပါတဲ့
ခြေလှမ်းတရပ်ဖြစ် သလို လွှတ်တော်မှာ သူပါဝင်ခွင့်ရတဲ့အနေထားက
ရာခိုင်နှုန်းအားဖြင့် သိပ်နည်းနေပေမယ့် အနာဂတ်လွှတ်တော်ကို
ပြောင်းလဲတိုးတက်အောင်လုပ်နိုင်မယ်လို့
ထင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ
လျှော့ချဖို့ စဉ်းစားတာမျိုးလို သင့်တော်တဲ့ တုံ့ပြန်မှုတွေ
လုပ်ဖို့စဉ်းစားနေတာပါ”
မြန်မာနိုင်ငံမှာ
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာဟာ
ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ထင်ရှားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့
အမေရိကန်ရဲ့ သြဇာ တိက္ကမကြီးမားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက
ပြောကြားလိုက် ပါတယ်။ မြန်မာ့လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီးရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ
အခုထက်ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း သူက
ထည့်သွင်းပြောဆိုသွားပါတယ်။ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ကို ဗွီအိုအေက
ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။