ဧပြီ ၃၊ ၂၀၁၂ (YPI)
လင်းနိုင် ရေးသားသည်။
ပန်းတင်အင်းကျေးရွာတွင် မဲပေးခွင့်ရလိမ့်နိုးနိုးနှင့် မဲရုံပိတ်ချိန်အထိ မလှမ်းမကမ်း လက်ဘက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် ထိုင်စောင့်နေသူများမှာ ဟိုနားတစ်စု ဒီနားတစ်စု၊ သူတို့အဖို့ ထိုနေ့က မဲပေးခွင့်ရရန်ထက် အခြားဘာမှ အရေးကြီးပုံ မရသည့် ကြောင့်ကြမှုများက မျက်နှာပေါ်တွင်အထင်းသား။
“ မဲမထည့်ရတော့ ထမင်းလဲ ဘာနဲ့ စားလို့ စားမိမှန်းတောင်မသိပါတော့ဘူး အေ၊ ဆာရကောင်းမှန်းလဲ မသိဘူး၊ ရင်ထဲမှာဟာတာတာနဲ့ ” ဟု လောင်းလုံမြို့နယ်၊ ပန်းတင်အင်းရွာမှ အမျိုးသမီးတစ်ဦးက အအေးဆိုင်လေးထဲတွင်ထိုင်ကာ လမ်းတစ်ဖက်မှ မဲရုံကို ငေးကြည့်ရင်း ပြောနေသည်။
မဲပေးခွင့်မရလိုက်သူများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များကို လက်လှမ်းမီသမျှ စုဆောင်းလာပြီး အင်တာနက်တွင် တင်ပေးရန် နီးစပ်ရာလူများအား အကူအညီတောင်းနေသူတစ်ဦးကိုလည်း ပန်းတင်အင်းကျေးရွာမှာတွေ့ခဲ့ရသည်။
ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်တွင်းပြည်ပက သတင်းမီဒီယာတွေကို လွတ်လပ်စွာကြည့်ရှုခွင့်ပေးခဲ့ပေမယ့် မဲစာရင်းထပ်နေတာ၊ အမည်လွဲနေတာ နဲ့ စာရင်းထဲမပါလို့ မဲမပေးခဲ့ရတဲ့သူတွေ နေရာအများအပြားမှာရှိခဲ့သည်။
“ စာရွက်လေးကိုင်ပြီးမဲသွားပေးတာ၊ နာမည်တူတဲ့ တခြားလူတစ်ယောက် ထည့်သွားပြီလို့ပြောတယ်။ မထည့်ရတော့ဘူး ” ဟု အောက်ရေဖြူကျေးရွာမှ လက်ဖက်ရည်ဆိုင်တစ်ခုထဲတွင် အမျိုးသားတစ်ဦးက တစ်ဖက်ခုံမှ ကတုံးနှင့်ပုဂ္ဂိုလ်ကို ညွှန်ပြရင်း ပြောသည်။
မဲထည့်ရန်အားခဲပြီး ဘုန်းကြီးလူထွက်လာသောကတုံးနှင့် ပုဂ္ဂိုလ်ကတော့ အသည်းကြားကမဲတစ်ပြား မပေးလိုက်ရသည့်အတွက် ဘေးမှ တစ်ယောက်တစ်ပေါက်ပြောနေသော အပေါင်းအသင်းများ အလယ်တွင် မျက်နှာသေလေးနှင့် ဟိုဟို ဒီဒီကြည့်လိုက်၊ တစ်ယောက်တစ်လှည့် ၀ိုင်းကြည့်နေသော သူ့အမည်နှင့် အမှတ်စဉ်ပါ စာရွက်အဖြူလေးကို ပြန်တောင်း ကြည့်လိုက်လုပ်နေသည်။
တစ်နိုင်ငံလုံး လစ်လပ်နေရာ (၄၈) နေရာ၊ လုံခြုံရေးအရ (၃) နေရာ မကျင်းပနိုင်သေးသဖြင့် စုစုပေါင်း (၄၅) နေရာ မှာ ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပခဲ့ကာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၄ နေရာမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကျေးရွာပေါင်း (၁၁၀) ၊ မဲရုံ စုစုပေါင်း (၁၀၇)ရုံရှိသော လောင်းလုံမဲဆန္ဒနယ်တွင် မဲစာရင်းမပေါက်သဖြင့် မဲပေးခွင့် မရလိုက်ရသူ ၅,၀၀၀ အထက်တွင် ရှိမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းဒေသကြီးအောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာသန်းဝင်းကဆိုသည်။
လောင်းလုံမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ခြောက်သောင်းနီးပါး (၅၉,၄၁၁) ရှိခဲ့ပြီး ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ငါးသောင်းခုနစ်ထောင်ကျော် (၅၇,၇၉၈) စာရင်းပေါက်သည့်အနက် လေးသောင်းရှစ်ထောင်ကျော် (၄၈,၁၀၅) မဲလာထည့်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်စာရင်းများကဖော်ပြသည်။
လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ယှဉ်ပြိုင်ရာတွင် NLD မှ ဦးအောင်စိုးက မဲပေါင်း သုံးသောင်းခြောက်ထောင်ကျော် (၃၆,၈၆၃) နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးစိမ်းမောင်က ရှစ်ထောင်နီးပါး (၇,၉၁၆) ရရှိပြီး ပယ်မဲ သုံးထောင်ကျော် (၃,၃၂၂) မဲရှိသည်ဟု NLD သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ဖာသိဖာသာနေခဲ့သူများ ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ယခင်နှင့် လုံးလုံးမတူ စိတ်အားတက်ကြွစွာ လာရောက်မဲပေးကြသည်ဟု လောင်းလုံမြို့နယ်မှ ဒေသခံများ ပြောသည်။
မင်းရပ်ကျေးရွာတွင် နံနက် (၆) နာရီမထိုးမီပင် မဲရုံ အနီးစောင့်ဆိုင်းနေပြီး ရုံဖွင့်သည်နှင့် သွားရောက်မဲပေးကာ သူပထမဆုံးလူဖြစ်သည့် အကြောင်းကို ပြုံးပြုံးကြီး လာပြောနေသူကို ဆုံရသည်ကလည်း ၂၀၁၀ ကာလနှင့် မတူသည့် တက်ကြွမှုသော မြင်ကွင်း။ သို့သော် မဲစာရင်းမပါသည့်ဖြစ်ရပ်များမှာ နေရာအနှံ့၊ ရွာတိုင်းလိုလို လစ်လပ်မရှိ။
“ တို့ရွာမှတော့ ဟိုဘက်ပိုင်းက ဆယ်အိမ်ခေါင်းတောင် စာရင်းမပါလို့ မဲမပေးရဘူး။ သူများကိုတော့ စာရွက်တွေ လိုက်ဝေ နေရပြီး သူကိုယ်တိုင်ကတော့ မဲမပေးရလို့ဆိုပြီး လာပြောနေတယ်” ဟု ပန်းတင်အင်းကျေးရွာမှ ဆယ်အိမ်ခေါင်းတစ်ဦးက သူ့ရွာမှ အဖြစ်အပျက်ကို ပြုံးစိစိဖြင့် ပြောပြသည်။
ပဉ္စသီမော်ကျေးရွာမှာတော့ သေပြီးသားလူတွေလည်း မဲစာရင်းထဲပါနေတာတွေရှိပြီး မိသားစုငါးယောက်ရှိတဲ့အိမ်ကနေ တစ်ယောက်ပဲ မဲစာရင်းထပါတာမျိုးတွေ အများကြီးရှိ တယ်လို့ ၎င်းရွာသား လူငယ်တစ်ဦးက ပြောဆိုသည်။
ထိုသို့ လူဦးရေထောင်ချီ၍ မဲပေးခွင့်မရခဲ့သည်မှာ ဆန္ဒမဲပေးရန်အတွက် စာရင်းပြုစုရာတွင် သက်ဆိုင်ရာ ရပ်/ကျေးအဆင့် ပျက်ကွက်ချွတ်ချော်မှုနှင့် အချို့ဖြစ်ရပ်များတွင် ဒေသခံများ၏ ရွေးကောက်ပွဲ အသိအမြင် နည်းပါးမှုကြောင့် ကြိုတင် အကြောင်းကြားရန် နောက်ကျခဲ့ပြီး စာရင်းမပေါက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲအား အလွတ်တမ်း လေ့လာခဲ့သူ ဒေသခံများက သုံးသပ်ကြသည်။
“ တစ်ချို့ဆို အိမ်ထောင်စုစာရင်းမိတ္တူကူးပြီး ပြန်သွားတင်တာပဲ၊ မိတ္တူဖိုး ပိုက်ဆံငါးရာပဲ ကုန်သွားတယ်။ စာရင်းကတော့ ပါမလာဘူး ” ဟု အောက်ရေဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ကနဦးစာရင်းတွင် မပါသဖြင့် လျှောက်လာသော နောက်တိုးစာရင်းများအား ၂၄ ရက်နေ့အထိ နောက်ဆုံးထား ထပ်တိုးပေးခဲ့သည်ဟု တိုင်းကော်မရှင်မှပြောသော်လည်း လောင်းလုံမြို့နယ်အတွင်းမှာ မဲစာရင်းမပေါက်လို့ မဲပေးခွင့်မရခဲ့တဲ့ လူဦးရေ ထောင်ချီပြီးရှိပါတယ်။
ထားဝယ်တက္ကသိုလ်မှ ဆရာ၊ဆရာမ (၆၀) ၀န်းကျင် ခန့်မှာ ဥပဒေပါအတိုင်း ရက်ပေါင်း (၁၈၀) ကျော်နေထိုင်ခဲ့ သူများဖြစ်သည့်အတွက် မဲထည့်လိုသော်လည်း (၂၄) ရက်နေ့ကျော်သွားပြီ ဖြစ်၍ ထည့်ခွင့်မရလိုက်ဟု တိုင်းကော်မရှင်ဥက္ကဌ ထံ သွားရောက်မေးမြန်းပေးခဲ့သူ ဒေါက်တာ သန်းဝင်းကပြောသည်။
ပန်းတင်အင်းကျေးရွာတွင် မဲစာရင်းမပေါက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး စာရေးအား သွားရောက်အကြောင်းကြားခဲ့ စဉ်က မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းပါလျှင် မဲရုံသို့လာရောက်မဲပေးနိုင်သည်ဟု ပြောသဖြင့် စိတ်ချလက်ချနေခဲ့သူများမှာ မဲပေးခွင့်မရလိုက်သဖြင့် စိတ်ဆိုးဒေါသတွက်ကြသည်ဟု ရွေးကောက်ပွဲနေ့က အဆိုပါကျေးရွာသို့ လာရောက် ကူညီနေသူ ရေဖြူမြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ဆိုသည်။
“ နောက်ပိုင်းဆိုရင်တော့ သင်ခန်းစာရသွားတာပေါ့၊ တကယ်က သူတို့ဘက်က မှားတာရှိသလို၊ လူတွေကိုယ်တိုင်ကလဲ အသိအမြင် အားနည်းလို့ ဒီလိုဖြစ်တာပဲ ” ဟု ရွေးကောက်ပွဲ သတင်းထောက်တစ်ဦးက သုံးသပ်သည်။
သောကြာပြင်ကျေးရွာ၊ မောင်းမကန်ကျေးရွာများတွင်လည်း မဲပေးခွင့်မရသူများ နှင့် မဲရုံတာဝန်ရှိသူများတင်းမာမှု များဖြစ်ခဲ့ပြီး ရွာလမ်းမပေါ်တွင် ၄င်းတို့ အဖြစ်အပျက်ကို အော်ဟစ်ရှင်းပြနေသူများကို သွားရောက်လေ့လာသူများ ရိုက်ကူးလာသည့် ဗီဒီယိုများတွင် မြင်ရသည်မှာ ဆန္ဒမဲတစ်ပြား၏ တန်ဖိုးအပေါ် ၄င်းတို့ အလေးအနက်ထားမှုကို လှစ်ပြနေသလိုပင်။ ။