Friday, April 27, 2012

အိမ်အမှုကြောင့် မွန်ပြည်သစ် ခွဲထွက်အဖွဲ့ ဥက္ကဌအိမ်ကို လုံထိန်းများ ၀ိုင်း

ဧပြီ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)

အိမ်ပိုင်ဆိုင်မှု ပြဿနာကြောင့် မွန်ပြည်သစ်ပါတီ ခွဲထွက် အဖွဲ့ ဥက္ကဋ္ဌ၏ နေအိမ်ကို လုံခြုံရေး နှင့် ရဲဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ချိတ်ပိတ်ရန် လာရောက် ၀ိုင်းဝန်းခဲ့ကြောင်း ဥက္ကဋ္ဌ နိုင်စိုက်ချမ်းက ပြောသည်။

“ကျွန်တော်တို့ ဘက် ကရှိတဲ့ လူတွေနဲ့ ရဲတွေနဲ့ နည်းနည်းရုန်းရင်း ဆန်ခတ်ဖြစ်တယ်။ အမှုက ကျွန်တော်တို့ နိုင်ထားပြီးသား အမှုပါ၊ ဒီလိုမျိုးလာလာလုပ်တာ ခဏခဏပဲ ၊ဒါပေမဲ့ အခုအခေါက်က အဆိုးဆုံးပဲ ရဲအင်အား ငါးဆယ်လောက်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခင်က  အိမ်သို့ စာလာကပ် သည့် အဆင့်ခန့်သာ ရှိပြီး ယခုအခါ လုံထိန်းရဲများများဖြင့် အိမ်ကို ချိတ်ပိတ်ပြီး အပိုင်သိမ်းရန်ကြိုးစားခြင်းဖြစ်သည်။

နံနက် ၁၀ နာရီကျော်တွင် ထိုကဲ့သို့ အိမ်သို့ လုံထိန်းများ လာရောက် ၀ိုင်းမှု စတင်ခဲ့ရာ နေ့လယ် ၃ နာရီ ကျော်မှပြီးဆုံးသွားသည်ဟု နိုင်စိုက်ချမ်းက YPI သို့ပြောသည်။

လာရောက် ၀ိုင်းခဲ့သည့် နေရာမှာ လက်ရှိ နိုင်စိုက်ချမ်း ပိုင်သည်ဟုဆိုသည့်အမှတ် (၅၀) မော်လမြိုင်မြို့ ဈေးချိုရပ် ဖက်ခင်းရပ် ငန်းတေးလမ်း အိမ်ဖြစ်ပြီး  တဖက်မှ၎င်းတို့လည်း အိမ်ကိုပိုင်ဆိုကြောင်းဆိုသည့် မော်လမြိုင်မြို့၏ သရဲလေးကောင်ဟု နာမည်ကြီးလျှက်ရှိသည့် တရားပြိုင် အပ္ပရောင်း (ခေါ်) မောင်အေး ဦးဆောင်၍ တရားရုံးဝန်ထမ်းများနှင့်  လုံခြုံရေး ရဲများပါဝင်သည်ဟု သိရှိရသည်။

“ကျွန်တော်တို့ ဘက်ကရှိတဲ့လူတွေကလဲ ၀ိုင်းပြီး ပြောကြတော့ ပြဿနာပိုကြီးမှာဆိုးလို့ သူတို့လည်း ဆုတ်သွားတာပေါ့ သူတို့ဘက်က လက်နက်အပြည့်နဲ့ ကျွန်တော်တို့ဘက်က ဘာလက်နက်မှမပါဘူး” နိုင်စိုက်ချမ်းက ဆိုသည်။

နိုင်စိုက်ချမ်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ်တွင်  ဘဏ်သို့ ပေါင်ထားသည့် မဆလခေတ် ဒေသပါတီ
ယူနစ် အဖွဲ့ဝင် ဦးသိန်းအောင်တင်ပိုင်သည့် အိမ်ကို ၎င်းကွယ်လွန်ပြီးနောက် ၎င်း၏်သားသမီးများထံ
မှ ၀ယ်ယူခဲ့ပြီး အဆိုပါအိမ်ကို မောင်အေးကလည်း ဦးသိန်းအောင်တင် မကွယ်လွန်မီ  ၎င်းထံမှ ၀ယ်ယူခဲ့သည်ဟုဆိုကာ နှစ်ဦးနှစ်ဖက် အမှုရင်ဆိုင်ခဲ့သည်မှာ ကြာပြီးဖြစ်သော် လည်း တိကျရှင်းလင်း
သည့် အဖြေမထွက်ခဲ့ပေ။

ယနေ့အခင်းဖြစ်ပွားစဉ်တွင် နိုင်စိုက်ချမ်းက ရန်ကုန်တွင်ရောက်ရှိနေစဉ် ပရိဘောဂ ပစ္စည်း အရောင်း
ဆိုင် ဖွင့်ထားသည့် အဆိုပါအိမ်ကို မောင်အေးနှင့်အဖွဲ့က လုံထိန်း များဖြင့် လာရောက် ၀ိုင်းသော
ကြောင့် အစောင့်မှာ ခြံတံခါး ပိတ်ထားရာ အဆိုပါခြံတံခါးကို ရိုက်ဖွင့်ရန်ကြိုးစား စဉ် အထဲမှ ရှိသည့်
 နိုင်စိုက်ချမ်း၏ အဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို မြင်ခဲ့သည့် မော်လမြိုင်မြို့ခံတဦးဖြစ်သူ ကိုမင်းမင်းက “ကျွန်တော်တို့ သွားကြည့်
တုန်းက ရုန်းရင်းဆန်ခတ်တော့မဖြစ်သေးဘူး ၊လက်နက်နဲ့ ရဲတွေ ၂၅ ရောက်ဝန်းကျင်တော့ရှိမယ် သူတို့ကခြံအပြင်ဘက်က အထဲက မွန်လုံချည် ၀တ်ထားတဲ့ လူ၁၀ ဦးကျော်ကျော်လောက်နဲ့ စကားတွေ ပြောနေကြတာတွေ့ ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်အား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားပြီး ဖြစ်ပွားခဲ့သည့် အကြောင်းအရာတွေနှင့်
ပတ်သတ် တာဝန်ရှိသူများသို့ တိုင်ကြား တရားစွဲဆိုသွားမည်ဟုနိုင်စိုက်ချမ်းကဆိုသည်။