၂၀၁၂-၄-၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်၊ ခေါင်လတ်ဒေသရှိ၊ လာဂူနားဟော်တယ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအခြေအနေနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် Phgan Nga Migrant Netwrok မှ ကြီးမှူးပြီး ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးဌာနများနှင့် ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူပညာရှင်များ စုစုပေါင်း
(၇၀) ယောက် တက်ရောက်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဖန်ငခရိုင်၊ တကွာပါမြို့ပိုင် နိုင်စီလီဖတ် ဖတ်တကွန် က ဖွင့်လှစ်ပေးခဲ့
သည်။ မြို့တော်ဝန် နိုင်စီလီဖတ် ဖတ်တကွန်က “ထိုင်းနိုင်ငံမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်ပါတီဘဲ အာဏာရရ၊ နိုင်ငံရေး အသွေး အရောင်တွေ ဘယ်လိုဘဲ ပြောင်းလဲနေပါစေ၊ ရွှေ့ပြောင်းအလုပ် သမား တွေနဲ့ ပတ်သက်ပြီး အလေးထားမှု မရှိတာကတော့ အတူတူပါဘဲ။ ရွှေ့ပြောင်းအလုပ်သမားတွေအ တွက် ထားရှိတဲ့ ကျနော်တို့ ထိုင်းအစိုးရရဲ့ ပေါ်လစီနဲ့ ထိုင်းလူမျိုးတွေရဲ့ အမြင်သဘောထားတွေကို ပြန်လည်စီစစ်သင့်ပါတယ်။ ကျနော်တို့ ထိုင်းလူမျိုးတွေအနေနဲ့ တခြားနိုင်ငံခြားသားတွေဖြစ်တဲ့ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံသားတွေကို အထင်ကြီးလေးစားပေမယ့် မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံ ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ့်ချဆက်ဆံချင်ကြပါတယ်” ဟု သူ့အမြင်ကို ပြောကြားခဲ့သည်။
“ကျနော်တို့ အနေနဲ့ အခုလိုဆွေးနွေးပွဲတွေ တက်ရတာ သိပ်ကိုအကျိုးရှိပါတယ်။ကျနော်တို့ရဲ့ ပြဿနာ အခက်အခဲ တွေကို ပွင့်ပွင့်လင်းလင်းတင်ပြခွင့်ရခဲ့တယ်။ မသိသေးတဲ့ ထိုင်းအစိုးရရဲ့ ဥပဒေတွေ ကိုလည်း လေ့လာခွင့်ရခဲ့တယ်” ဟု အစည်းအဝေးသို့ တက်ရောက်လာသည့် ရော်ဘာခြံအလုပ်သမား ကိုဇော်က ပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲကို အဓိကဦးဆောင်ဆွေးနွေးသူ ထို်င်းနိုင်ငံ မဟီဒေါဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ လုတရာ အာချဝါနိကွန်မှလည်း “ ကျမတို့ရဲ့သင်ယူခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့သမိုင်းတွေကြောင့် ကျမတို့ အချင်းချင်းကြားမှာ မယုံကြည်မှု၊ မုန်းတီးမှုတွေကို တိုးပွားစေခဲ့ပါတယ်။ ထိုင်းသတင်းသမား
တွေရဲ့ မှားယွင်းစွာ ဖော်ပြမှုတွေကလည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မုန်းတီးမှု၊ မယုံကြည် မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
Phang Nga Migrant Network မှ တာဝန်ရှိသူများက ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် ခံစားနေရ သည့် ပြဿနာများ အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေး ဖေါင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ တကွာပါမြို့တော်ဝန်သို့ Phang Nga Migrant Network ကိုယ်စား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
Phang Nga Migrant Network (PMN) ၏ အလုပ်ရုံဆွေးနွေးပွဲကို တစ်နှစ်လျှင်(၁)ကြိမ်ကျင်းပပြီး ထိုင်းတောင်ပိုင်း၊ဖန်င ခရိုင်တွင် ကျင်းပခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၄)ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။