Saturday, March 24, 2012

ဝန်ချတောင်းပန်ရန် လယ်ဆည်ပြည်ထောင်စုဝန်ကြီးအား လွှတ်တော်ကိုယ်စားလှယ်များတောင်းဆို

မတ် ၂၄၊ ၂၀၁၂ (YPI)

ပြည်ထောင်စုဝန်ကြီး ဦမြင့်လှိုင်အနေဖြင့် HOT NEWS ဂျာနယ်ပါ အင်တာဗျူးတွင် လွှတ်တော်ကိုယ် စားလှယ်များအား ပုတ်ခတ်ပြောကြားခြင်းနှင့်ပတ်သတ်ပြီး လူသိရှင်ကြားဝန်ချတောင်းပန်ရန် အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့က ကြေငြာချက်တစ်ဆောင် ထုတ်ပြန်ကာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

ထိုကြေငြာချက်တွင်  ပြည်ထောင်စုလွှတ်တော်နှင့်တကွ  လွှတ်တော်အားလုံးကို အသရေ ဖျက် ဂုဏ်သိက္ခာပျက်စီးအောင် ပြည်ထောင်စုဝန်ကြီးတစ်ယောက်က  ကိုယ်နှုတ်စောင့်စည်းခြင်မရှိဘဲ
  ပြောဆိုမှုများအား ပြင်ထန်စွာ ရှုံ့ချကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်နှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို နိုင်ငံတော်ပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ တရားဝင် ၀န်ခံ
ခြင်း၊ ၀န်ချတောင်းပန်ခြင်းများ ပြုလုပ်ရန်တောင်းဆိုကြောင်း ပါရှိသည်။

ထိုသို့ ပြုလုပ်ပေးခြင်းမရှိပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်ပြီးစော်ကားကျူး
လွန်မှုကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ဟု အသိပေးကြေငြာကြောင်း ထည့်သွင်းဖော်ပြထားသည်။

မတ် ၂၃ ရက်ထုတ် HOT NEWS ဂျာနယ်ပါ အင်တာဗျူးတွင် လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လယ်မြေများသို့ရေသွင်းရာတွင် ကုန်ကျစရိတ်ကို တွက်ချက်ခြင်းမှာ ဦးနှောက်မရှိခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပညာတတ် သူများမဟုတ်ဘဲ အခြားသူ၏ ခိုင်းစေမှုကို လိုက်ပါဆောင်ရွက်ပေးနေသူများဖြစ်ကြောင်း ပြောခဲ့
သည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ဒါတိုက်ရိုက်
ကြီး စွပ်စွဲတာပဲ။  လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူကတင်မြှောက်ထားတာဆိုတော့ အစိုးရ
အနေနဲ့ အလေးထားဖို့လိုအပ်တယ် ” ဟုပြောသည်။

ပြည်ထောင်စုဝန်ကြီးက လွှတ်တော်အားယခုကဲ့သို့ ပုတ်ခတ်ပြောဆိုခြင်းမှာ ယင်းဝန်ကြီးဌာနတင်ပြ
သည့် အသုံးစရိတ်ကို ပြည်ထောင်စုလွှတ်တော်မှ လျှော့ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက  သုံးသပ်သည်။

၎င်းကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ နိုင်ငံဘဏ္ဍာ ဆိုတာ ဦးသိန်းစိန်ပိုက်ဆံလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်မြင့်လှိုင်ပိုက်ဆံလည်း မဟုတ်ဘူး။   ပြည်သူ့ပိုက်ဆံပဲ။ ပြည်သူ့ပိုက်ဆံကို အစိုးရက ကမောက်ကမ မလုပ်အောင်ထိန်းဖို့ လွှတ်တော်
တွေမှာ တာဝန်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ် ”ဟုပြောသည်။