Thursday, March 29, 2012

သမိုင်းပေးတာဝန် ကျေပြွန်စေလိုသူ၏ အသဲကြားက မဲတပြား


၁၉၆၈ ခုနှစ် မှာ မွေးဖွားခဲ့တဲ့ ကျွန်မ ဟာ မဆလစနစ်ဆိုး။ ၁၉၈၈ ကျောင်းသားအရေးအခင်းတွေကို တက္ကသိုလ် ကျောင်းသူတစ်ဦး အနေနဲ့ ဖြတ်သန်းပြီး စစ်အာဏာရှင်စနစ်ဆိုး တွေကြားမှာကြီးပြင်း လာ
ခဲ့ရပါတယ်။ သတင်းမီဒီယာရုပ်သံလုပ်ငန်း တွေကို အလွန် စိတ်ဝင်စားလွန်းလို့ ၁၉၉၅-၉၆ မှာ မြန်မာ့ ရုပ်မြင်သံကြား ( MRTV ) မှာ ဖြေဆိုရတဲ့ ( ရုပ်သံကျွမ်းကျင် ) ကို ရေးဖြေ။နှုတ်ဖြေ ။ကြိုးစားဖြေဆိုခဲ့
လို့ ပထမ အဆင့် နဲ့ အောင်မြင် ခဲ့ပြီး အစိုးရ၀န်ထမ်း နှစ်အနည်းငယ် လုပ်ခဲ့ဘူးပါတယ်။ အလွန်စိတ်ပျက်စရာ ကြိုးနီစနစ် တွေ နဲ့စိတ်ကုန်စိတ်ပျက်လက်လန်လွန်းလို့ ၅ နှစ်စာချုပ်လက်မှတ်
 ထိုးထားတာကို လျောကြေးပေးပြီး ကျွန်မ အလုပ်ကနှုတ်ထွက်ခဲ့ ပါတယ်။ ကံကောင်းထောက်မ စွာနဲ့ ကျေးဇူးရှင်ဖခင်ပြင်သစ်ဘာသာနည်းပြ။နိုင်ငံခြားဘာသာသင်သိပံ္ပကြောင့် ပြင်သစ်ဘာသာ ဧည့်လမ်းညွှန် အဖြစ် ၁၉၉၉ မှစတင်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မှာရပ်တည်လုပ်ကိုင် နိုင်ခဲ့
ပါတယ်။

ကျွန်မTour တစ်ခုလျှင် အနည်းဆုံး နိုင်ငံခြားသားဧည့်သည် လူ ၁၀ ယောက် မှ ၃၀ ယောက်။ 
တစ်နှစ်လျှင် ၁၃ ။ ၁၄ tour လောက် သွားရတော့ နိုင်ငံခြားသားများ ( ပြင်သစ် လူမျိုး များ ) နဲ့ တစ်နှစ်လျှင် အနည်းဆုံး လူ ၂၀၀ ကျော် နီးပါး လူတန်းစားအလွှာအသီးသီး ကိုဆက်ဆံရပါတယ်။ လုပ်သက်၁၄ နှစ်နီးပါးအတွင်းမှာ သူတို့တွေကြောင့် နိုင်ငံတကာ အတွေ့အကြုံ၊ နိုင်ငံခြားခရီးပေါင်း များစွာ ရောက်ရှိခဲ့ရပြီး။သူတို့ တွေ ဆီက များပြားလှစွာသောပညာတွေ ဗဟုသုတတွေ ရရှိခဲ့ပါတယ်။ အထူးသဖြင့် ( ပြင်သစ်နိုင်ငံ ) မှာ
ဥပမာ။ ။
(၁)။ အထက်တန်း ၁၀ တန်း အထိ မသင်မနေရ သင်ရတဲ့ ပညာရေးစနစ်။ (အစိုးရကစာအုပ်စာ
တန်းက အစထောက်ပံ့ပေးတယ်။ )
(၂)။ အစိုးရ မှ ပေးသော ကျန်းမာရေးစောင့် ရှောက်မှု။
(၃)။ ကလေးမိခင်များ အတွက် ငွေကြေးစောင့်ရှောက်မှု။
(၄)။ ပင်စင်စား များ အတွက် ဘ၀လုံခြုံမှု ရှိသော လောက်ငသောပင်စင်လစာငွေ ထောက်ပံ့မှု။
(၅)။ တိကျသောအလုပ်ချိန် သတ်မှတ်မှုများ။
(၆)။ အလုပ်သမား လူတန်းစား များအတွက် တိကျသောအလုပ်သမားဥပဒေများ။
(၇)။ အလုပ်အကိုင် အမျိုးအစား အလိုက်ရရှိသောဝင်ငွေ အခွင့်အရေး ဥပဒေများ။
အလုပ်သမား လူတန်းစား များအတွက် များစွာကာကွယ်ပေးထားသော အခွင့်အရေးဥပဒေများ။
( ၇ )။ အသက် ၁၆ နှစ် အောက် ကလေးများ အလုပ်လုပ်ကိုင်ခွင့် မရှိမှုများ။
(၈)။ အခွန်ထမ်းစနစ် များ နှင့် အခွန်စည်းကြတ်မှုများ။
(၉)။ ပြည်သူများအဆင်ပြေစေရန် အဓိကဦးစားပေးထားသော public transport စနစ်များ။
စသဖြင့်စသဖြင့် အလွန်အလွန် အားကျစရာ ကောင်းသော system များကို ကျွန်မ သိရှိလေ့လာခွင့် ရခဲ့ပါတယ်။ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီ နိုင်ငံတော်သစ် ကြီး ကို ဦးတည်ချီတက်နေပါသည်
ဟု့ ဆိုနေကြသည့် နိုင်ငံတော်အစိုးရသစ် လက်ထက်မှာမိမိ နိုင်ငံ အမိမြန်မာပြည်ကြီးလဲ ဒီလိုမျိုးတွေ များပြုပြင် ပြောင်းလဲ လာခဲ့မယ်ဆိုရင် ပြည်သူပြည်သား တွေကိုယ်စား ထိုင်ရှစ်ခိုးပြီး ကျေးဇူးတင်မိမှာ အမှန်ပါဘဲ။

ဘာတွေပြုပြင် ပြောင်းလဲ လာပြီလဲ။
- Old Model မော်တော်ကား ဟောင်း အစုတ်တွေ ကို Model အသစ် များပြောင်းလဲ တင်သွင်း ခွင့် ပေးသည်တဲ့။ နိုင်ငံတော် အစိုးရက ကားအို ကားဟောင်း ပိုင်ရှင်များ ကားသစ် စီးနိုင်ရေးစီမံ
ချက် တဲ့။( အလွန် ကောင်းတဲ့ စီမံချက်ပါဘဲ။ ပြည်သူ ကို တကယ်ကြည့်တဲ့ မင်းအစိုးရဘဲ။ ၀မ်းသာစရာ ကောင်းလိုက်တာ။ လက်ရှိအစိုးရ အဖွဲ့ ကြီးကျန်းမာချမ်းသာ အသက်ရှည်ပါစေ လို့ ဆုတောင်းပေးရတော့ မယ်ထင်မိတယ်။ )
တကယ့် လက်တွေ့ မှာတော့ ငွေ ကြေး အနည်းငယ် ရှိတဲ့ ယာဉ်အို ယာဉ်ဟောင်း ပိုင်ရှင်တွေ Model ကားအသစ်ရဲ့ အခွန်တွေ ကညနကြေး ဘာကြေးညာကြေးတွေ စတဲ့ ကားတစ်စီး စာနီးပါးလောက် မပေးနိုင်တာကြောင့် မိမိခြေထောက် ဟောင်းလေး ပြုတ်သွားတာပါလား။

အော် ကျွန်မ မြန်မာနိုင်ငံက ဧည့်လမ်းညွှန်တစ်ဦး မြန်မာပြည်ကိုယ်စားမိမိဧည့်သည် နိုင်ငံခြားသား
 တွေကို ဘယ်လိုများ နားလည်အောင် ရှင်းပြ ပြောပြရမှန်းတောင် မသိတော့တာ အမှန်ပါဘဲ။
အရင်တုံးက လက်သင့်သူအာဏာရှင်များသာရရှိတဲ့ ကားပါမစ်ကြောင့် လူတိုင်းကားတင်သွင်းခွင့် 
မရတဲ့ အတွက်သိန်း၃၀၀ ကျော်နီးပါးပေးထားရပြီး ကားစုတ်များသာစီးနေရတဲ့ ပြည်သူများ။
အခုကောဘာများထူးလာပါသလဲ။ အပိုဆောင်းငွေ ထပ်မလိုက်နိုင်လို့ ခြေထောက် ပြုတ်ချင်ပြုတ်။ မပြုတ်ရင် ၂ နှစ်အတွင်း ဘုန်းဘုန်းကျနိုင်တဲ့ တရုတ်ချယ်ရီဝက်ဂွန် နဲ့လက်တွဲ။(ကမ္ဘာမှာဈေး    အပေါဆုံးလို့ နံမည်ကြီးတဲ့ဒေါ်လာ၂၀၀၀တန် တာတာ(TATA) အိန္ဒိယကားတွေ ဘာကြောင့်များ တင်သွင်းခွင့် မပြုတာလဲမေးမိတယ်။ ကုလားတွေက လဘ်ပေးတာ တရုတ်တွေလို လက်မသွက် တာလား။လဘ်ပေးတာ နည်းလို့များလား စဉ်းစားစရာပါ။)

- စစ်အစိုးရလက်ထက်မှာ အိမ်နီးခြင်းနိုင်ငံတွေ မှာ ၁၀ ဒေါ်လာ နဲ့ ၀ယ်လို့ရတဲ့ GSM SIM Card
 တွေကို ( ၁၅ သိန်း ) နဲ့ ၀ယ်သုံးခဲ့ရတဲ့ ပြည်သူပြည်သား မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံတော် 
အစိုးရ သစ်လက်ထက်မှာဘာဘဲဖြစ်ဖြစ် ရှာကျန်ကျေးဇူးတင်စရာ ကောင်းပြန် တာက ၁၅ သိန်းတန်
ဖုံးကို ၁၃ သိန်း အရှုံးခံပြီး ၂ သိန်း နဲ့ ၀ယ်ခွင့်ရတာ နိုင်ငံတော် အစိုးရ သစ် အပါအ၀င်။ကြီးကျယ်မြင့်
မြတ်လှစွာသော ဘီဂိတ်လို စေတနာပိုင်ရှင်များ ဖြစ်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများအားလုံး၏   စေတနာကောင်းတွေကြောင့် ပြည်သူတွေ သက်သာတာပါဘဲ။

- မြန်မာပြည် အနှံ့ BOT စနစ် နဲ့ လမ်းတွေခင်း။ လမ်းဖြတ်သန်းခသာ ဈေးတွေထိုးတက်။ လမ်းတွေက ဘာတစ်ခုမှ ဟုတ်တိပတ်တိ မကောင်းသေး။လုပ်လက်စအားလုံး တို့လို့ တန်းလန်း။ ကတ္တရာပုံး ပူပူ   တွေကိုလက်နဲ့ကိုင်။ မိန်းမတွေဘာမကျန် နေပူထဲလမ်းခင်း။ ဆင်းရဲမွဲတေလှသောကျောမွဲလူတန်းစားဘ၀။ စက်ယန္တရားများစွာမသုံးဘဲ လူ့ခွန်အားတွေကို ၁၄ ရာစု လောက်က လမ်းခင်းသလို အကျိုးမဲ့ဖြုန်းတီး စနစ်မကျ စေတနာမပါသော လမ်းခင်းမှုများ။

- မြန်မာပြည်အနှံ့ကားတတန် ရထားတတန် လေယာဉ်တစ်မျိုး နည်းမျိုးစုံနဲ့ တိုင်းပြည်တစ်ခုလုံး လူထုလူတန်းစားပေါင်းစုံ ကို တောရော မြို့ပါမကျန်  ခရီးသွားရင်း လေ့လာနေသော နိုင်ငံခြားသား
များကို ကျွန်မ ဧည့်လမ်းညွှန်တစ်ဦး အနေနဲ့ ဘယ်လိုများ လိမ်ညာပြီး ကာကွယ်ပြောဆိုလို့ ရမလဲ။

- အမိမြန်မာပြည်ကြီး ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခြေလှမ်းနေဆဲ အသွင်ကူးပြောင်းရေး ကာလတွေ
 မှာ ဒီထက်ဒီထက်ပိုပြီး ပြည်သပြည်သားတွေ အပေါ်မှာ စေတနာထားတဲ့ အစိုးရသစ်ကြီး ဖြစ်ပါစေလို့ ဆုတောင်းခြင်းများစွာနဲ့ မြန်မာပြည် အနှံ့ဘုရားစုံဖူး  ကုသိုလ်လည်းရ  ၀မ်းလည်းဝတဲ့ ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ဂုဏ်ယူခြင်းများစွာနဲ့ ဒီနေ့ မှာ ပြည်သူတစ်ဦး အနေနဲ့ ပြည်သူတစ်ဦး တာဝန်ကို ကျေပြွန်စွာ ကြိုတင်မဲပေးခဲ့ပါတယ်။

- ၂၈ ရက်နေ့ မှာ ဧည့်သည်ကြိုပြီး၂၉ ရက်နေ့ကစလို့ မြန်မာပြည် အနှံ့ ခရီးလှည့်လည်ပြသရမဲ့ 
ကျွန်မ ဧည့်လမ်းညွှန် ဧပြီ ၁ ရက်နေ့မှာ မဲပေးဖို့ မဖြစ်နိုင်လို့ မြို့နယ်ကော်မရှင်ရုံးကို သွားရောက်ပြီင်္း ကြိုတင်မဲ ပေးခဲ့ပါတယ်။ကျွန်မနေထိုင်တဲ့ မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးရိှတော့   ပြည်သူတစ်ဦး အနေနဲ့ ပြည်သူ့ တာဝန်ကျေပြွန်ချင်လို့ ကြိုတင်မဲပေးခဲ့ခြင်းဖြစ်ပါတယ်။ ကြိုတင်မဲ မပေးခင်က အမျိုးမျိုးစဉ်းစားခဲ့ပါသေးတယ်။ ငါပေးထားတဲ့ မဲဟာ မဲ မသမာမှုများ ဖြစ်သွားနိုင် မလား။ သေသေချာချာ ကိုယ်ပေးချင်တဲ့သူမှ ရပါ့မလား။ မဲစာရွက်များ အလဲအလှယ် အလုပ်ခံရမ
လား။ စသဖြင့် စသဖြင့် ချီတုံချတုံ နဲ့ ကြိုတင်မဲပေးရကောင်းနိုးနိုး။ မပေးရကောင်းနိုးနိုး ။တော်တော်
လေး အစဉ်းစားလွန်ခဲ့ပါတယ်။

- ဘာဘဲဖြစ်ဖြစ် ကံသည်အလုပ် အလုပ်ကောင်းမှ ကံကောင်းမယ်။ ဗုဒ္ဒတရားတော်အတိုင်း ကိုယ့်
ဘက်က တာဝန်ကျေဖို့လိုတယ်။ တကယ်လို့ ကိုယ်ပေးထားတဲ့ ကြိုတင်မဲကိုခိုးပြီး တစ်ခြားမဲ စာရွက်   ပြောင်းတာ လုပ်တဲ့ သူ ခိုးတဲ့သူ အပိုင်းဘဲလို့ စိတ်ဆုံးဖြတ်လို့ ကျွန်မ ပြတ်သားစွာ မဲပေးခဲ့ပါတယ်။ ကျွန်မမြို့နယ် ကော်မရှင်ရုံးကို ရောက်တော့ ကော်မရှင်ဥက္ကဌ နဲ့ တန်းတွေ့ပါတယ်။ ကျွန်မက ကြိုတင်မဲပေးမဲ့ အကြောင်းပြောတော့ ကျွန်မကို ခရီးသွားမဲ့ အထောက်အထားပြပါလို့ ပြော ပါတယ်။ပါတီတွေက ကြိုတင်မဲနဲ့ ပတ်သက်လို့ မသင်္ကာဖြစ်မှာစိုးလို့ အထောက်အထား အတိအကျ   တောင်းတာဖြစ်ကြောင်း ထင်ထားတာ ထက်ပိုစွာ ရှင်းလင်းပြောပြပါတယ်။ ကျွန်မ၏မဲစာရင်း
နံပါတ် မဲရုံနံပါတ် နေရာများ လျှောက်လွှာစာရွက်မှာ ဖြည့်ရပါတယ်။ကျွန်မခရီးသွား ပရိုဂရမ် မိတ္တူ မှတ်ပုံတင် မိတ္တူ  များပေးရပါတယ်။

- ကျွန်မကို မဲစာရွက်တစ်ရွက်ထုတ် ပေးပါတယ် လွတ်လပ်စွာမဲပေးနိုင်ကြောင်း အားလုံးရှောင်ပေး
မည်ဖြစ်ကြောင်းပြောဆိုပြီး အားလုံးနေရာမှထပေးကြပါတယ်။ ကျွန်မက ရှောင်ပေးစရာ မလိုပါဘူး 
ကျွန်မ ဘယ်သူကိုမဲပေးသလဲ ကြည့်ချင်လဲရပါတယ်ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။ ရဲရင့်ပြတ်သား
စွာ ကျွန်မ ဒေါ်ဖြူဖြူသင်းကို အမှန်ခြစ်ခဲ့ပါတယ်။ကျွန်မ NLD ပါတီတစ်ခုလုံးရဲ့ မူဝါဒ လုပ်ငန်းစဉ်
 တွေကို အပြည့်အ၀ မထောက်ခံပါဘူး။ဒါပေမဲ့ ကျွန်မ မဲပေးရမဲ့ မဲဆန္ဒနယ်မှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ရဲ့ စိတ်စေတနာ။လုပ်ရပ်တွေကို သိထားတဲ့သူ တစ်ယောက်ဖြစ်လို့ လက်တွေ့အလွန်ကျသော ကျွန်မဟာ လက်တွေ့ကျစွာ HIV /AIDS ရောဂါ ဝေဒနာရှင်များကို
 စောင့်ရှောက်နေတဲ့ ဒေါ်ဖြူဖြူသင်းကို မဲပေးရခြင်းသာဖြစ်ပါတယ်။ တကယ်လို့များ ၂၀၁၅ မှာ 
မဲပေးခွင့် ကြုံ ဦး မယ်ဆိုရင် ဘယ်ပါတီက ပုဂ္ဂိုလ်ဘဲဖြစ်ပါစေ။ ဒေါ်ဖြူဖြူသင်းလို လူစားမျိုးတွေကို 
သာ ကျွန်မ ရွေးချယ် မဲပေးသွားမှာ ဖြစ်ပါတယ်။
 
- ( စကားမစပ်။ ကျွန်မက ကျွန်မဧည့်သည် နိုင်ငံခြားသားတွေကို ကော်မရှင်ရုံး အပြင်ဘက် ၀ရံတာ
မှာ စောင့်ခိုင်းပြီး ကြိုတင်မဲ သွားပေးခဲ့တာပါ ကျွန်မဧည့်သည်တွေကသူတို့ နိုင်ငံ ပြင်သစ်မှာလဲ ဧပြီ 
လမှာ မဲပေးရတော့မယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ သူတို့ နိုင်ငံ မှာတော့ ကြိုတင်မဲ ဆိုတာ မရှိကြောင်း မဲပေးရမဲ့ နေ့ မှာသာ အားလုံးမဲပေးရကြောင်း။တကယ်လို့ခရီးသွားစရာရှိတယ်ဆိုရင်
သက်ဆိုင်ရာ မဲစာရင်း ရှိတဲ့နေရာမှာ ကိုယ့်နဲ့ရင်းနှီးသူ သူငယ်ချင်း သို့ မဟုတ် မိသားစုဝင်မှ မိမိ 
ကိုယ်စား မဲသွား ပေးနိုင်ကြောင်း။မဲမပေးခင်မှာ ခရီးမသွားခင်ရက်မှာ သက်ဆိုင်ရာမြို့တော်ဝန်ဌာန
 တွေမှာ ကိုယ်စားလှယ်လွှဲစာ စာရွက် ဖြည့်ရကြောင်း။ မိမိ နှင့် မိမိ ကိုယ်စားလှယ် လွှဲသူ ၏ နိုင်ငံသား ကဒ်မိတ္တူ ပေးရကြောင်း။ မိမိ ကိုယ်စားလှယ် လွှဲသူက မိမိကိုယ်စား မဲပေးရမည့် နေရက် အတိအကျ
 မှာ သွားရောက် ပေးနိုင်ကြောင်း သူတို့ နိုင်ငံ ၏ အနေအထားတွေကိုနှိုင်းယှဉ် ပြောပြပါတယ်။

- ဘာဘဲဖြစ်ဖြစ် မြန်မာနိုင်ငံ သားတစ်ဦးရဲ့ အမျိုးသားရေးတာဝန်။ သမိုင်းပေးတာဝန် ကို အနည်းငယ် ကျေပြွန်ခဲ့ပြီလို့ ခံစားရရင်း နိုင်တာ၊ရှုံးတာ ပဓာန မရှိဘဲ လူတိုင်းလူတိုင်း နေရာတွေ မပြိုင်ဘဲ စေတနာတွေ များစွာပြိုင်နိုင်ကြပါစေလို့သာ ဆုမွန်ကောင်း တောင်းမိပါတယ်။ ( ချောချော)