Thursday, September 26, 2013

၁၉၉၀ စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်း သပိတ်တိုက်ပွဲ ၂၃ နှစ်ပြည့် အခမ်းအနား

၁၉၉၀၊ စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်း သပိတ်တိုက်ပွဲ ၂၃ နှစ်ပြည့် အခမ်းအနားကို
၂၅-၉-၁၃ နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ ရွှေတောင်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဆရာတော် ဦးပြည်ကျော်(ဦးပဏ္ဍ၀ံသ)မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ သပိတ်တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူများထဲမှ ဆရာမောင်မိုးသူ၊ ဆရာဦးဇော်ဖေ၀င်း၊ ကိုညိုထွန်းတို့မှ အမှတ်တရစကား ပြောကြားခဲ့ကြပြီး ကိုထွေးမော်၊ ကိုလှဌေး၊ မနှင်းနှင်းမွှေး၊ ဘိုးတော်ခင်ဝင်း တို့မှ ကိုယ်တွေ့ဖြစ်ရပ်များကို ပြောကြားခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တော်များထဲမှ ကိုမိုးသီးဇွန်ကလည်း အမှတ်တရစကား ပြောကြးပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားများရဲ့ အခွင့်အရေး ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား
များ လွှတ်ပေးရေး အစရှိတဲ့ တောင်းဆိုချက်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက အပြင်
နဲ့ အတွင်း၊ တစ်ဆောင်နဲ့တစ်ဆောင်၊ တစ်တိုက်နဲ့တစ်တိုက် ဆက်သွယ်မှုတွေကို တင်းကြပ်ထားတဲ့အတွက် တောင်းဆိုချက်တွေက အနည်းငယ်စီ ကွဲပြားခြားနားကြပါတယ်။
 
ဒါပေမယ့် သေချာတဲ့အချက်ကတော့ စစ်အာဏာရှင်ကို အန်တုတော်လှန်တဲ့နေရာမှာတော့ ကွဲပြားခြားနားခြင်း မရှိခဲ့ကြတာပါပဲ။ တိုက်ပွဲအရှိန်အဟုန်မြင့်လာတဲ့အခါ အာဏာပိုင်တွေက ဒီသပိတ်တိုက်ပွဲကို ရက်ရက်စက်စက်ရိုက်နှက်ဖြိုခွင်းခဲ့ပါတယ်။ ထောင်ထဲမှာဖြစ်ပျက်နေတာတွေကို
 ထောင်ပြင်က မကြားရလေအောင် အသံချဲ့စက်တွေနဲ့ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင် တို့ရဲ့သီချင်းတွေ အဆက်မပြတ်ဖွင့်ထားပြီးမှ နှိမ်နင်းခဲ့တာကြောင့် ထောင်ဝန်ထမ်းတွေကြားမှာ ဒီသပိတ်တိုက်ပွဲကို စာဥအရေးအခင်းလို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။ တိုက်ပွဲမှာပါဝင်တဲ့သူတွေကို သက်ကြီးရွယ်အိုတွေပါမချန် ရိုက်နှက်ပြီး သာယာဝတီသရက်အစရှိတဲ့ ထောင်တွေဆီကို
 ပြောင်းရွှေ့ပစ်ခဲ့ပါတယ်။ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရသူများထဲမှာ အမျိုးသမီး အချုပ်ဆောင်အနောက်တိုက်မှ နိုင်ငံရေးအကျဉ်းသူ ငါးယောက် (မသီတာအေး၊ မခင်ဥမ္မာအေး၊ မနှင်းနှင်းမွှေး၊ မလှလှသန်း၊ မစန်းစန်းအေး) ပါဝင်ပါတယ်။