Saturday, August 23, 2014

ပီနန်ဆရာတော်၏ သက်သေခံစာအား လက်ခံ၊ မခံကို စက်တင်ဘာ ၁ ရက်တွင် အမိန့်ချမည်

၂၀၁၄-၈-၂၃
တာမွေတရားရုံးမှ လက်မခံသည့် ပီနန်ဆရာတော်၏ သက်သေခံစာရွက်အား ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးသို့ တင်သွင်းခဲ့ရာ ၂ဝ၁၄ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ယင်းသက်သေခံစာအား လက်ခံ၊ မခံကို မူ စက်တင်ဘာ
၁ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ပီနန်ဆရာတော်မှ နိုင်ငံတော်သံဃာ့မဟာနာယကသို့ မတ်လအတွင်းက ပေးပို့ခဲ့သည့် သက်သေခံ
စာကို ဇူလိုင် ၁၈ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့ တင်သွင်းခဲ့ရာ လက်မခံသည့်အတွက် တရားခွင်တွင်း အမှုစစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်တင်သွင်းခဲ့
ကြောင်း သိရသည်။

“ဒီနေ့မှာ လျှောက်လဲချက်နဲ့ ပတ်သက်ပြီး လက်ခံသင့်တဲ့အကြောင်းကို တရားသူကြီးကို
 လျှောက်ထားခဲ့တယ်။ အဲဒီတင်သွင်းချက်ကို လက်ခံ၊ မခံ စက်တင်ဘာ ၁ ရက်မွန်းလွဲ ၁ နာရီမှာ အမိန့်ချမှာဖြစ်ပါတယ်” ဟု ဆရာတော်များဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးသိမ်းဝင်းက ပြောသည်။

တရားလို ဦးစိန်မော်ဘက်မှလည်း ယနေ့လျှောက်လဲချက်ပေးရာတွင် နိုင်ငံတော်အစိုးရဘက်မှ ဥပဒေအရာရှိများနှင့်အတူ လာရောက်ခဲ့ပြီး ခရိုင်တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့ကြောင်းသိရ
သည်။ယင်းသို့ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးအား တိုင်းသာသနာရေးမှူးမှ စွဲဆိုထားသည့်အမှု၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် အမှတ် ၃ ဆရာတော်၏ ရှေ့နေမှ ပီနန်ဆရာတော်ဘုရားကြီး၏ သက်သေခံစာကို တင်သွင်းရာတွင် တရားလိုဦးစိန်မော်၏ ရှေ့နေက ပီနန်ဆရာတော်ကိုယ်တိုင် မလာရောက်သည့်အတွက် စာအနေဖြင့်သာ လက်ခံခဲ့ပြီး ပီနန်ဆရာတော်ကိုယ်တိုင် တရားရုံးတွင် သက်သေထွက်ဆိုမှသာ လက်ခံမည်ဟု ကန့်ကွက်ခဲ့သည်။

အဆိုပါသက်သေခံစာမှာ သန္တိသုခကျောင်းတိုင်ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ ပီနန်ဆရာတော်နှင့် မဟနတို့အကြား အငြင်းပွားနေစဉ်အတွင်း မဟန၏ မတ် ၃၁ ရက် ထွက်ခွာရန် အကြောင်းကြားမှု
အပေါ် ပီနန်ဆရာတော်မှ မတ်၂၇ ရက်တွင် မိမိပိုင်ကျောင်းဖြစ်၍ မထွက်ခွာနိုင်ကြောင်း မဟနမှ ဆရာတော်များသာ ကျောင်းတိုက်မှ ထွက်ခွာပေးရန် လက်မှတ်ရေးထိုးကာ ပေးပို့ထားသည့် သက်သေခံစာနှင့် နိုင်ငံတော်သမ္မတထံသို့ ပီနန်ဆရာတော်ကြီးမှပေးသည့် စာဖြစ်ကြောင်း သိရ
သည်။

ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိန်မော်မှ သံဃာငါးပါးအား ပုဒ်မ၂ဝ၊ ၉ဝ၊ ပုဒ်မ ၂၉၅ (က) ဖြင့် တာမွေတရားရုံးတွင် တရားစွဲထားပြီး ယခုလျှောက်လဲချက်ပေးသည့် အမှုမှာ ပုဒ်မ ၂ဝ၊ ၉ဝ အတွက်
ဖြစ်ကာ သာသနာတော် ညှိနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကိုလည်း ချေဖျက်ပေးရန် လန်ဒန်ဆရာတော် ဦးဥတ္တရမှ တိုင်းဒေသကြီးတရားလွှတ်တော်သို့ တင်သွင်းထားကြောင်း ထို့ကြောင့် တာမွေမြို့နယ်
တရားရုံးတွင် ယင်းအမှုများကို စစ်ဆေးခြင်းရပ်ဆိုင်းထားပြီး အထက်တရားရုံးများ၏ ဆုံးဖြတ်ချက်
ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။ တာမွေရုံးချိန်းကိုလည်း ဩဂုတ်၂၉ ရက်တွင် ချိန်းဆိုထား
သည်။