Tuesday, August 19, 2014

ထွန်တုံးတိုက်ပွဲ ဆင်သူတို့ကို သမအသင်း တရားစွဲ
(ဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေသာ
မြေစာပင်ဖြစ်ခံရ)

August 16, 2014
သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာက လယ်သမား အများအပြား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ သမဝါယမက တရားစွဲလိုက်ပါပြီ။ အမှတ်(၃) သမဝါယမလီမီတက်မှ စိုက်ပျိုးရေးတာဝန်ခံ ဦးစိုးလှက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ဒီလယ်တွေကို စစ်အစိုးရလက်ထက်ကတည်းက သိမ်းယူခဲ့တာပါ။ အရပ်သားအစိုးရ တက်လာချိန်မှာ မူလ ပိုင်ရှင်တွေက ပြန်လိုချင်၊ လက်ရှိ လုပ်ပိုင်ခွင့်ယူထားသူတို့က
လည်း လက်မလွှတ်ချင်တဲ့အတွက် အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်မြေတွေလို့ ဆိုရပါမယ်။
အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်မြေတွေမှာ သွားရောက်ထွန်ယက်ခဲ့တဲ့အတွက် အခုလို တရားစွဲဆိုလိုက်တာပါ။


ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစတင်ပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲသူ တောင်သူ (၇၀) ကျော်ထဲမှ ၁၁ ဦး

ကို တရားစွဲပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား (၁၅) ဦးခန့်ထဲကနေ ကိုမင်းသွေးသစ်တဦးတည်းကိုပဲ ရွေးချယ်တရားစွဲဆိုခဲ့ဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။
“ ၁၂ ရက်နေ့က ကျနော် သဲကုန်းတရားရုံးကို အောင်ကုန်းရွာက တောင်သူတွေ ၅၀၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ ရုံးချိန်းကို လာတော့ ကျနော့်ကို ရဲက ဖမ်းတယ်။ ကျနော်က ဖမ်းဝရမ်းတောင်းတော့ သူတို့ပြတယ်။ အဲဒိ ဖမ်းဝရမ်းက ရက်စွဲက ကျနော့်ကို တရားရုံးမှာ မြင်မှ ကောက်ခါငင်ကာရေးလိုက်တဲ့ ဖမ်းဝရမ်းဖြစ်နေတယ်။ အဲဒီအထဲက ရက်စွဲက ကျနော်ကို ဖမ်းတဲ့ရက်စွဲနဲ့ တရက်တည်းဖြစ်နေတယ်။ အဲဒီတော့ သဲကုန်းမြို့နယ်က အုပ်ချုပ်ရေးအပိုင်းက တရားစီရင်ရေးအပိုင်းကို လိုသလို အသုံးချ လို့ရတယ်ဆိုတာ သိသာနေတယ်”ပထမဆုံးရုံးချိန်းကို သြဂုတ်လ ၁ ရက်နေ့က ခေါ်ယူခဲ့တာပါ။ 


ရုံးချိန်းပျက်ကွက်ခဲ့တဲ့ ကိုမင်းသွေးသစ်ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ကျပ် ခြောက်သိန်းနဲ့ အာမခံ ယူထားကြောင်း သူက ဆက်ပြောပါတယ်။
တောင်သူတွေကတော့ တဦးကို ကျပ် ငါးသောင်းနှုန်းနဲ့ အာမခံ ယူထားရကြောင်း သိရပါတယ်။

သောကြာနေ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းကို တရားစွဲခံရသူများ တက်ရောက်ခဲ့ပါတယ်။ သို့သော်
လည်း တရားလို ဦးစိုးလှ ရောက်မလာပါ။ ရုံးချိန်း နှစ်ချိန်းစလုံး ဦးစိုးလ မလာရောက်တဲ့အတွက် တရားစွဲခံရသူများမက နစ်နာမှုတွေ ရှိကြောင်းပြော တရားစွဲခံရသူ ကိုဝမ်းဇော်က ပြောပါတယ်။
“သူတို့ကလည်း တရားစွဲသေးတယ်။ ပထမရုံးချိန်းရော ဒုတိယရုံးချိန်းရော မလာဘူး။ ကျနော်တို့
အပြင်မှာ အလုပ်ထွက်လုပ်ရင် တရက်ကို ၂,၅၀၀ ရတယ်။ အလုပ်ပျက်ခံပြီး ကျနော်တို့ဘက်က ရုံးချိန်းလာတယ်။ သူတို့ဘက်က မလာဘူး၊ နောက်တချိန်းကို တရားရုံးက ဆင့်ခေါ်စာနဲ့ ခေါ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ အဲဒါမှ မလာဘူးဆိုရင် ကျနော်တို့ကိုလည်း တရားရုံးက
ထပ်ခေါ်ဖို့ မစဉ်းစားနဲ့တော့”လယ်သမားတွေနဲ့ သမအသင်းတို့ အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်ယာမြေတွေကို ၁၉၉၉ ဧပြီ (၇) ရက်နေ့က ပြည်ခရိုင်ဦးစီးမှူးကိုယ်တိုင် အောင်ကုန်း၊
သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ်
၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖေါ်ထုတ်ဖို့ သိမ်းခဲ့တာပါ။

သမ အသင်းက ၂၀၀၁ နှစ်မှာ စတင်လွှဲပြောင်းရယူပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။အဲဒီဒေသ လယ်ဧက (၈၀၀) ခန့်ကိုလည်း အင်းမအခြေစိုက် တပ်မ (၆၆)က သိမ်းယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကောင်းမြတ်မင်း