Sunday, February 16, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်တွေ့ဆုံ


ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉း၃ဝ နာရီအချိန်ကအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )မှ ဦးဆောင်သူများသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်
၏ နေအိမ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့
ကြသည်။

ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဗဟို  အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးထွန်းထွန်း ဟိန်၊ ဦးညီပု၊ဦးကျော်ခင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမျိုးအောင်။ဇေယျာသော်(ဗဟိုအမှုဆောင်၊ ဆက်သွယ်ရေးတာဝန်ခံ) တို့ပါဝင်တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်မှ မင်းကိုနိုင်၊ကိုကိုကြီး၊ ပြုံးချို၊ ဂျင်မီ၊ မြအေး၊ အံ့ဘွယ်ကျော်၊ မာကီ၊ထွန်းမြင့်အောင်၊ အောင်သူနှင့် မနီလာသိန်း တို့ ပါဝင်တက်ရောက် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲမှ ရလဒ်အဖြစ် "စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေ သော အခန်း (၁၂)တွင်ပါရှိသည့်
 ပုဒ်မ (၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အတွက်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်
( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)တို့ ပူးပေါင်းဆောင်ရွက်သွားရန်" သဘောတူညီမှု
ရရှိခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏ ပူးတွဲကြေညာချက်ကိုလည်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာရန်လည်း သဘောတူညီခဲ့ကြသည်။