skip to main |
skip to sidebar
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲ
ပြဋ္ဌာန်းခဲ့သော်လည်း အစိုးရ အားနည်းချက်ကြောင့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု နည်းပါး နေသေးကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြောကြားသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် ကျင်းပပြုလုပ်သည့် ပြည့်သူ့လွှတ်တော်
အစည်းအဝေး
အပြီး သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၄င်းကယင်းသို့
ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အစိုးရဝန်ကြီးဌာန တွေနဲ့ လုပ်ရတာ သိပ်နှေးတယ်။ အားမရဘူးတဲ့။
အုပ်ချုပ်ရေးပိုင်း ဆိုင်ရာပေါ့။ နောက်တစ်ခု က Infrastructure ၊ အခြေခံ
အဆောက်အဦပေါ့။ သိပ်အားနည်းတယ်။ သူတို့မှာ စက်ရုံတွေတင် မကဘူး။
လမ်းပါဆောက်ရမယ် ဆိုတော့ ဒီလောက်အထိ မလုပ်ချင်ဘူး" ၄င်းကပြောဆိုသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ တိုးတက်မှု
မရှိသေးသည့်အပြင် အခြေခံလူတန်းစားများ အနေဖြင့် ပိုမိုဆင်းရဲမှုများ
ရှိလာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။
ယင်းကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှုအားနည်းနေချိန်တွင်
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို စောင့်ဆိုင်း မနေသင့်ဘဲ ပြည်တွင်းလုပ်ငန်း များကို အားထည့် လုပ်ကိုင်စေလိုကြောင်း
ဒေါ်အောင်ဆန်းစုကြည်က အကြံပြုသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၏
စီးပွားရေး အခြေအနေအတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များဖြစ်သော
စီမံကိန်းများကို လုပ်ကိုင်ရမည့် အချိန်အခါဖြစ်ပြီး ယင်းစီမံကိန်းများသည်
အားနည်းချက်များ ရှိနေကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စီးပွားရေးအခြေအနေ
သည်လည်း တိုးတက်မှု မရှိသော အကျိုးဆက်ကို ရရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဆိုသည်။
"ADB ကနေပြီး ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိတယ်
ဆိုတာကိုလည်း တချို့စီးပွားရေး ပညာရှင်တွေက အဲဒါကို မေးခွန်းထုတ်တယ်။
အဲဒါကို မရှိဘူးပေါ့" ဟု ၄င်းကဝေဖန်သည်။
စီးပွားရေးလုပ်ငန်း
တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတို့သည် တရား
ဥပဒေစိုးမိုးရေး အပါအဝင် တည်ဆဲဥပဒေ များနှင့် တိုက်ရိုက် သက်ဆိုင်နေသော
ကြောင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း စဉ်းစားတွေးခေါ်မှုများ ရှိနေကြောင်း
၎င်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဆက်သွယ် မေးမြန်းရာ
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုပြဋ္ဌာန်း
ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈
ဘီလီယံထိ မြင့်တက်လာကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလီယံထိ မြှင့်တင်ရန် စီစဉ် လျက်ရှိကြောင်း ၄င်းကဆိုသည်။"ကျွန်တော်က ဘာမှထွေထွေထူထူး ပြောစရာမရှိ ပါဘူး။ကိန်းဂဏန်းတွေ အရပဲ ပြောချင်တယ်" ဟု ၄င်းက တုံ့ပြန်ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခဲ့ခြင်း ဖြစ်သည်။
The Voice