Tuesday, November 13, 2012

အမှိုက်ကောက်ကလေးတစ်ဦး အား တရုတ်ကုန်သည်တစ်ဦး မှ လက်သီးနဲ့ထိုးပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်ပွား။

၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ မန္တလေးမြို့။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေကျောက်မျက်စခန်း၊ လွှာချပ်တန်း (အချပ်ဝိုင်း)  တွင် ထိုင်ဝယ်သောတရုတ်ကုန်သည်တစ်ဦး မှ အမှိုက်ကောက် ကလေးငယ် တစ်ဦးအား လမ်းပေါ်တွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို နံနက် ၁၀နာရီ၁၅မိနစ် အချိန်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက်(၁၄)နှစ်အရွယ် အမှိုက်ကောက် ကလေး မောင်ငြိမ်း သည် လွှာချပ်တန်း တွင် ရေသန့်ဗူး၊ ပုလင်းခွံများ ကောက်ရာ တရုတ်ကုန်သည် မှ ပိုက်ဆံ(၅)သိန်း ခိုးယူသည်ဟု စွပ်စွဲသဖြင့် တရုတ် ကုန်သည် မှ အမှိုက်ကောက်ကလေး မောင်ငြိမ်း အား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်။
၎င်းဖြစ်စဉ် နှင့် ပတ်သက်ပြီး မဟာအောင်မြေကျောက်မျက်စခန်းသို့ သွားရောက်မေးမြန်းရာ ''      တရုတ်က သူထိုးတာလဲ မှန်ပါတယ်လို့ ၀န်ခံတယ်၊ သူ့ကိုလဲပြန်ထိုးပါ သူကျေနပ်အောင်လဲ   လျော်ကြေးပေးပါ့မယ် လို့ စကားပြန် ကနေ တစ်ဆင့် ပြန်ပြောတယ်၊ စကားပြန်မှ ပြန်ပြောတဲ့စကား     ကို ကျွန်တော်တို့ မှတ်တမ်းယူပြီး ကလေးကို မင်းမကျေနပ်ရင် သူ့ကိုပြန်ထိုးလို့ရတယ်၊ ဒါမှမဟုတ်ရင် မင်းဘယ်လောက်လျှော်ကြေးပေးရင် ကျေနပ်မလဲ၊ ကလေးက (၂)သိန်းလောက် ကျွန်တော့်ကို နစ်နာကြေးပေးစေချင်တယ်၊ (၂)သိန်း ပေးမယ်ဟု စကားပြန်မှ တာဝန်ယူပြီးတော့ ဖြေရှင်းပေး လိုက်တယ်" ဟု ကျောက်မျက်ရတနာစခန်း ကော်မတီ ရုံးမှ ဥက္ကဌ က ပြောသည်။

အဆိုပါကိစ္စ ဖြန်ဖြေနေစဉ် ကျောက်မျက်စခန်းကော်မတီရုံးပတ်ဝန်းကျင် တွင် ကျောက်ဝိုင်းထဲရှိ   လူအုပ်မှာ အုံးအုံးကြွကြွ (၄၅ မိနစ် (သို့) ၁ နာရီ) ခန့် ဆူပူမှုဖြစ်ပွားခဲ့သည်။ လုံခြုံရေးရဲများလဲ   ရောက်ရှိနေပြီး၊ တရုတ်ကုန်သည်အား အပြင်သို့ပြန်လည်ခေါ်ဆောင်ရန် အမှတ်(၇)ရဲစခန်း မှ လုံခြုံရေးအကူညီတောင်းယူခဲ့ရသည်။

''ဖြေရှင်းပေးလိုက်တော့ အုံးအုံးကြွကြွဖြစ်ရတဲ့အနေအထားကတော့ ဗမာ၊တရုတ်မှာ တရုတ်ဘက်        က ကျွန်တော်တို့ လိုက်ဆောင်ရွက်ပေးတဲ့အတွက် အဲ့ဒီအနေအထားမျိုးလေးတွေ အမြင်မှား တာပေါ့နော်၊ နောက် ဒီထဲကနေ မှ ရဲ က ထိုးလိုက်ကျိတ်လိုက်လို့ပါဆိုတဲ့ အနေအထားမျိုးကလဲ အသံထွက်လာတယ်၊ ဒါတော့ သတင်းရယ်လို့ တိတိကျကျ မဟုတ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ ရဲ ထိုးတာလဲ မသိဘူး၊ ဒီ ကလေး ပစ္စည်းယူတယ် ဆိုတာလဲ          မသိဘူး" ဟု ကျောက်မျက်စခန်း ကော်မတီ ဥက္ကဌ မှ ဆက်ပြောသည်။

ကလေးကိုတော့ သူ့ အမေ ခေါ်သွားပြီး၊ တရုတ်အား အမှတ်(၇)ရဲစခန်း မှ လုံခြုံရေးကားဖြင့်     တင်ဆောင်ခေါ်ဆောင်သွားကြောင်း သိရသည်။

''မောင်လေးက အရင်က ကျောက်ရွက်တယ်၊ ရေသန့်ဗူးကောက်တာ ပိုက်ဆံရတယ်ဆိုလို့    ရေသန့်ဗူးလိုက်ကောက်တာ၊ နှစ်ထောင် သုံးထောင် လောက်ရတယ်၊ ရေသန့်ဗူးကောက်ရင်း   တရုတ်က ပစ္စည်းပျောက်တယ်ဆိုပြီး လက်သီး နဲ့ ကလေး ကို ၀င်ထိုးတာ၊ သူက ၀င်ထိုးပြီး ရဲက နောက်တစ်ခေါက်ဝင်ထိုးတယ်'' ဟု မောင်ငြိမ်း ၏ အစ်မဖြစ်သူမှပြောသည်။

၎င်းကိစ္စ နှင့် ပတ်သက်ပြီး အမှတ်(၇)ရဲစခန်း သို့ သွားရောက်မေးမြန်းရာ ''နှစ်ဖက်လုံးက အမှုမဖွင့်တဲ့အတွက် (၂)သိန်း အလျော်ပေးပြီး ကျေအေးပေးလိုက်ကြောင်း'' သိရသည်။