Monday, August 13, 2012

ပါဝင်ရန်မသင့်သည့် အချက်မျာ့း ပြင်ဆင်ပြောင်းလဲပေးခြင်း
မရှိပါက စာနယ်ဇင်း အမြုတေကောင်စီတွင် ပါဝင်မည်
မဟုတ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း
သဘောထားထုတ်ပြန်




ပြည်ထောင်စုအစိုးရအဖွဲ့က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်း  ကောင်စီဖွဲ့စည်းခြင်း ကြေညာချက်တွင် ယခင်ကတည်းက တင်ပြထားခဲ့သည့် 
လုပ်ဆောင်ရန် မလို အပ်သော၊ လုပ်ဆောင်ရန်မသင့်သော အချက်များ ပါဝင်နေသည်ကို   တွေ့ရ ကြောင်း၊ ပြင်ဆင် ပြောင်းလဲပေးခြင်းမရှိပါက အဆိုပါကောင်စီတွင် ပါဝင်ဖွဲ့စည်းထား သည့် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေးကော်မတီ ကိုယ်စားပြု သူများ ပါဝင်နိုင်မည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ  အသင်းက လက်မခံနိုင်သည့် အချက်များ-

အပိုဒ်၂(ခ)-စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြောဆောင်ရွက်မှုများသည် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားအား မထိပါးအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံ    တော်၏ ဂုဏ်သိက္ခာမထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ် အခြာအာဏာ မထိခိုက်စေရေးတို့   အတွက် ကြီးကြပ်ဆောင်ရွက်ရန်။

အပိုဒ်၂(ဇ)နိုင်ငံရပ်ခြားမှ တင်သွင်းလာသော စာနယ်ဇင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် သင့်လျော်မှုရှိမရှိ စိစစ်ဆောင်ရွက်ထိန်းသိမ်းရန်၊အပိုဒ်၃(င)-စာနယ်ဇင်း       ကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်း ခြင်း။

အပိုဒ်၃(စ)-အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံ ဥပဒေ၊ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေနှင့် တရားမနစ်နာမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီကျင့်သုံးဆောင်ရွက်ခြင်း။

အပိုဒ်၃(ဆ)-ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန်ပေးအပ်ခြင်း ခံရသူများအား   ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း။


အပိုဒ်၃(ဈ)-စာနယ်ဇင်းကျင့်ဝတ်ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊အပိုဒ်၁၀- မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီသည် ပြန်ကြားရေး ၀န်ကြီးဌာနက ပြုစုရေးဆွဲ လျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြု
ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေ နှင့်အညီ ဖွဲ့စည်းမည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအား တာဝန် လွှဲပြောင်းပြီးသည် အထိ တာဝန်ထမ်းဆောင်ရမည် စသည်တို့ဖြစ်သည်။
MJA၏ကြေညာချက်အပြည့်အစုံမှာ-"မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်း၍   မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ သဘောထား ကြေညာချက်  (၅/၂၀၁၂)" ရက်စွဲ -  ၁၀-၈-၂၀၁၂၁။ ၂၀၁၂ခုနှစ် သြဂုတ်လ ၉ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးလက်မှတ်       ဖြင့် ထုတ်ပြန်ကြေညာ လိုက် သည်ကိုတွေ့ရပါသည်။

၂။အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသတင်းစာ  ဆရာ အသင်းဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်များနှင့် တွေ့ဆုံရှင်းလင်းစဉ်က မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားကို ပြန်လည်တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနက လေ့လာရန်ပေးအပ်ထားသော အမြုတေ စာနယ်ဇင်းကောင်စီ၏ ရည်ရွယ် ချက်နှင့် လုပ်ငန်းစဉ်များတွင် အချို့သော အချက်များမှာ စာနယ်ဇင်းကောင်စီအနေဖြင့် လုပ်ဆောင်ရန် မလိုအပ်သော၊ လုပ်ဆောင်ရန် မသင့်တော်သော အချက်များပါဝင်နေသဖြင့် မြန်မာ            နိုင်ငံ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းမည့် အစီအစဉ်တွင် မပါဝင်နိုင်ကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။

၃။ ထိုနောက်ပိုင်းတွင် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက မြန်မာနိုင်ငံ သတင်းစာဆရာအသင်း   ဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကိုတင်ပြရန်တောင်းခံသဖြင့် မိမိတို့ကော်မတီ၏ သဘောထားများကို ရှင်းလင်းတိကျစွာ ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်ကတာဝန်ရှိပုဂ္ဂိုလ်အချို့သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက   ဖြုတ်ပယ်ရန် တောင်းဆိုသောအချက်များမပါဝင်စေရပါဟု ကတိပြုခဲ့ပါသည်။ အဆိုပါကတိပြုချက်အတိုင်းအကောင်အထည်ဖော်ပေးလိမ့်မည်ဟုမိမိတို့ကလေးစားယုံကြည်ခဲ့သဖြင့်   မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်များအနေဖြင့် အမြုတေ စာနယ်ဇင်းကောင်စီတွင် ပူးပေါင်းပါဝင်ပါမည်ဟု အကြောင်းပြန်ကြားပေးခဲ့ပါသည်။

၎။ သို့ရာတွင် ယခု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်၌ အပိုဒ်ခွဲ(၂-ခ)၊ (၂-ဇ)၊ (၃-င)၊ (၃-စ)၊       (၃-ဆ)၊ (၃-ဈ) နှင့် အပိုဒ်(၁၀) စသည်တို့ကိုထည့်သွင်းဖော်ပြထားသည်ဖြစ်၍ မြန်မာနိုင်ငံသတင်း        စာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ မူလတောင်းဆိုချက်များနှင့် လုံးဝ မကိုက်ညီဘဲ၊ မိမိတို့ အနေဖြင့်လက်မခံနိုင်သည့် အချက်များဖြစ်နေသည်ကို တွေ့ရပါသည်။

၅။ မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ယင်းဖွဲ့စည်းပုံကြေညာချက် အပိုဒ်(၁)တွင် ဖော်ပြထားသော အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းရည်ရွယ်ချက်သည် စာနယ်ဇင်းကောင်စီတစ်ခု၏ အမှန်တကယ်ဆောင်ရွက်သင့်သော၊နိုင်ငံတကာ စာနယ်ဇင်း    ကောင်စီများတွင်လည်းဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သဖြင့် မိမိတို့ကော်မတီကလက်ခံပါ    သည်။ သို့ရာတွင် အပိုဒ်(၂) တာဝန်ဝတ္တရားများဆိုင်ရာနှင့် အပိုဒ်(၃) လုပ်ပိုင်ခွင့်များဆိုင်ရာ   ဖော်ပြချက်အချို့ကိုမူ လက်ခံနိုင်ခြင်းမရှိပါ။

ယင်းတို့သည် စာနယ်ဇင်းသမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း မရှိရုံမျှမက         စာနယ် ဇင်းသမားများအားကန့်သတ်ထိန်းချုပ်မှုများကိုပါဆက်လက်ပြုလုပ်မည်အစီအစဉ်များဖြစ်    သည်ဟု ယူဆနိုင်ပါသဖြင့် ထိုအချက်များကို ဖြုတ်ပယ်၍အများလက်ခံနိုင်မည့် တာဝန်ဝတ္တရားနှင့်    လုပ်ပိုင် ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲပေးပါရန် လိုလားပါသည်။

၆။အဆိုပါအချက်များကို ပြင်ဆင်ပြောင်းလဲပေးခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း        အား ကိုယ်စားပြုသူများအနေဖြင့် စာနယ်ဇင်းကောင်စီတွင်ပါဝင်နိုင်မည်မဟုတ်ပါကြောင်း မိမိတို့၏ သဘော ထားကိုထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ
ရန်ကုန်မြို့။