Friday, April 6, 2012

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေး


ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယနေ့ နံနက် sedona ဟိုတယ်တွင် ကျင်းပသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရတို့   ပြည်ထောင်စုအဆင့် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် အချက်ခြောက် ချက် ဆွေးနွေး
ခဲ့ကြောင်း KNU မှပြန်ကြားရေးတာဝန်ခံ နော်မေဦးကပြောသည်။

“လောလောဆယ် အချက်ခြောက်ချက်ကို ဆွေးနွေးညှိုနှိုင်းနေဆဲပဲပေါ့ ၊လက်မှတ်ထိုးတဲ့အဆင့်အထိ မရောက်သေးပါဘူး”ဟု သူမကပြောသည်ဆွေးနွေး ခဲ့သည့် အချက် ၆ခြောက်မှ KNU ဘက်မှ အဓိကတောင်းဆိုသော အချက်များဖြစ်သည်။

 တောင်းဆိုခဲ့သော အချက်ခြောက်ချက်မှာ

၁။ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများအတွင်းဖြစ်ပွားနေသည့် စစ်မက်များအမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ်ရပ်တည်နိုင် ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေတည်ဆောက်ရန်၊
၎။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း ပုံစံမျိုးဖြင့် ငွေကောက် ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်းများမပြုရန်၊
 ၅။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည် ထူထောင်ရေးနှင့်  ပြည်သူများ၏ မြေယာကိစ္စများကို
 ဖြေရှင်းပေးရန်၊ စောင့်ကြပ်ကြည့်ရှုပေးတဲ့အဖွဲ့ဖွဲ့ရန်တို့ဖြစ်သည်။

ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်   ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန်

KNU နှင့် မြန်မာအစိုးရတို့ ယခု ကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဆင့်ဆင့် တက်ရောက်လာရန် အတွက် မြန်မာအစိုးရဘက် KNU ဧ။်တောင်းဆိုချက်များကို လိုက်လျောမှုအများကြီးပြုခဲ့ရကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကပြောသည်။

“ကျွန်မတို့ တောင်းဆိုတာကို မြန်မာအစိုးရက တော်တော်များများလိုက်လျော ပေးပါတယ်”ဟု   နော်မေဦးကပြောသည်။

၆၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်ခဲ့သော KNU နှင့်အစိုးရဘက်မှပြည်နယ်အဆင့်ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့တို့က ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ဘားအံမြို့တွင်တွေ့ဆုံ   ဆွေးနွေးခဲ့ပြီး ပဏမသဘောတူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်စဲ ခဲ့သည်။

လာမည့် ဧပြီလ ၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင် ရောက်ရှိနေသော KNU ငြိမ်းချမ်းရေး    ဆွေးနွေးရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံကြ မည်ဖြစ်သည်။