စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး
တူမောင်ညို ၊ ဧပြီ ၁၀၊ ၂၀၁၂
မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ ) မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို “ဒုတိယ ဗိုလ်ချုပ်မှူးကြီး” လို့ စတင်ဖေါ်ပြလိုက်တော့ သုံးသပ်သူအချို့က “(ပထမ)ဗိုလ်ချုပ်မှူးကြီး” ရှိတယ်ဆိုပြီးပြောသံကြားရပါတယ်။
ဒီလိုပြောဆိုသုံးသပ်တာဟာ သမရိုးကျဆန်လွန်းလှပါတယ်။ ကျနော့်ယူဆချက်ကတော့ ဒါဟာ စစ်တပ်အတွင်း စစ်ရာထူးခန့်အပ်မှုစနစ်အရ
“ဒုတိယဗိုလ်ချုပ်ကြီး”အဖြစ် စတင်ခန့်ထားမှု ဖြစ်ပြီး၊
မကြာခင်(တနှစ်တာကာလခန့်အတွင်း) ဗိုလ်ချုပ်မှူးကြီးဖြစ်လာမယ်လို့
ထင်မြင်ယူဆပါတယ်။ အဲဒီနောက်မှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်း ဒုတိယဗိုလ်ချုပ်မှူးဖြစ်လာလိမ့်မယ်လို့
ယူဆပါတယ်။
“ဗိုလ်ချုပ်မှူးကြီး ” အစ စောမောင် က
“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို စတင်ခံယူခဲ့သူဟာ ဗိုလ်စောမောင်ဖြစ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို ၁၉၉၀ ပြည့်နှစ်၊ မတ် ၁၈ ရက်နေ့မှာစတင် သုံးစွဲခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်ဒီလို “ဗိုလ်ချုပ်မှူးကြီး” အဆင့်ရာထူးသုံးစွဲ လာရသလဲဆိုတာကို (မြဝင်း)ဆိုသူပြုစုရေးသားတဲ့ “တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ )” စာအုပ်၊ စာမျက်နှာ (၈၆ – ၈၇) မှာအခုလိုဖေါ်ပြပါရှိပါတယ်။
“ — ထို့အပြင် တပ်မတော်ကြီးကို တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မတော်၏ဖွဲ့စည်းမှု၊ တာဝန်ဝတ္တရားများ အုပ်ချုပ်ကွပ်ကဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်လျောညီထွေရှိမည့် ပြင်ဆင်ဖွဲ့စည်းမှုများကို ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် (၁၈- ၃- ၉၀) ရက်နေ့မှ အစပြု၍ ဗိုလ်ချုပ်မှူးကြီး အဆင့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းရွက်နေသူဖြစ်ပါသည်”
ဘာကြောင့်ဒီလို “ဗိုလ်ချုပ်မှူးကြီး” အဆင့်ရာထူးသုံးစွဲ လာရသလဲဆိုတာကို (မြဝင်း)ဆိုသူပြုစုရေးသားတဲ့ “တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ )” စာအုပ်၊ စာမျက်နှာ (၈၆ – ၈၇) မှာအခုလိုဖေါ်ပြပါရှိပါတယ်။
“ — ထို့အပြင် တပ်မတော်ကြီးကို တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မတော်၏ဖွဲ့စည်းမှု၊ တာဝန်ဝတ္တရားများ အုပ်ချုပ်ကွပ်ကဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်လျောညီထွေရှိမည့် ပြင်ဆင်ဖွဲ့စည်းမှုများကို ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် (၁၈- ၃- ၉၀) ရက်နေ့မှ အစပြု၍ ဗိုလ်ချုပ်မှူးကြီး အဆင့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းရွက်နေသူဖြစ်ပါသည်”
ယနေ့အထိ
စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့သူများမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊
ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး
(ယခု NLD နာယကကြီး) ၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊
ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်
လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုပြီး ၈
ဦးရှိပါပြီ။
ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သော်လည်း
ကာကွယ်ရေးဦးစီးချုပ်ဖြစ်မလာခဲ့သူများကတော့ ဗိုလ်မှူးချုပ် စောကြာဒိုး၊
ဗိုလ်မှူးချုပ် အောင်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးကို၊
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး
တို့ဖြစ်ပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း (၂၇ မတ် ၂၀၁၂) မှာ ဗိုလ်မင်းအောင်လှိုင်က “
— တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က
လက်ဆင့်ကမ်းအမွေဆက်ခံပြီး စည်းကမ်းကောင်းသော၊ စနစ်တကျရှိသောခေတ်မီ တပ်မတော်
တစ်ရပ်အဖြစ် ခေတ်ကာလနှင့်အညီ တည်ဆောက်ပေးခဲ့သည်ကို ကျေးဇူးတင်ထိုက်စွာ
တွေ့မြင်ရမည်ဖြစ်ကြောင်း — ” ပြောသွား ပါတယ်။ ဗိုလ်စောမောင် ကို တမင်ချန်လှပ်ခဲ့တာကို အားလုံးသတိပြုမိကြမယ်ထင်ပါတယ်။
ဒီလိုချန်လှပ်ရတဲ့အဓိကအကြောင်းရင်းကတော့ “(နဝတ)ရဲ့
တာဝန်ကြီး ၄ ရပ် ထဲက နောက်ဆုံးတာဝန်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြီးလို့ရှိရင် အနိုင်ရတဲ့ပါတီကို
အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်” ဆိုပြီး ဗိုလ်စောမောင်ပြောခဲ့တဲ့ ကတိစကားကြောင့်လို့ ယူဆပါတယ်။
ဒါကြောင့်
ဒီကတိစကားတွေကြောင့် စစ်အုပ်စုရဲ့“လက်ဆင့်ကမ်းအမွေ”ကိုပေးခဲ့ကြသူတွေထဲမှာ ၊
“ကျေးဇူးတင်ထိုက်သူတွေ” စာရင်းကနေ ဗိုလ်စောမောင် ကို
တမင်တကာဖြုတ်ထားခဲ့ကြတာပါ။
ဗိုလ်စောမောင်ကိုထည့်သွင်းထားခဲ့ရင်
၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်တစ္ဆေနဲ့ ဗိုလ်စောမောင်ရဲ့ကတိစကားတွေက အတိုက်
အခံအင်အားစုတွေအတွက် တိုက်ကွက်ကောင်း တစ်ခုပေးထားရသလိုဖြစ်နေပါလိမ့်မယ်။
တကယ်တော့ စစ်အုပ်စုကဗိုလ်စောမောင်ကို “ခေတ်အဆက်ဆက်၊
စနစ်အဆက်ဆက် အတွေ့အကြုံပြည့်ဝသူ”၊ တွေးခေါ် မြော်မြင်ရာတွင် အလယ်အလတ်
သမာသမတ်ကျသူ”၊ “ငယ်ရွယ်သည့်ဘဝမှပင် ဗုဒ္ဓဘာသာတရားတော်ကို နှလုံးသွင်း
အားထုတ်ခဲ့သူ”၊ ကြည်လင်ပြတ်သားသော ဘဝအမြင်ရှိသူ”၊
မျိုးချစ်စိတ်ဓါတ်ခိုင်မာထက်သန်သူ”၊ “တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်များတွင် ဗိုလ်ချုပ် မှူးကြီး စောမောင်သည်
နိုင်ငံတော်အားကယ်တင်ခဲ့ရသည့် ဒုတိယမြောက်ကာကွယ်ရေးဦးစီးချုပ်အဖြစ်
တပ်မတော်သမိုင်းတွင် ကမ္ပည်း တင်နိုင်ခဲ့ပေသည်” ဆိုပြီး (မြဝင်း)
ဆိုသူပြုစုရေးသားတဲ့ “တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ
၁၉၉၀ ပြည့်နှစ် အထိ )” စာအုပ်၊ စာမျက်နှာ (၆၄ -၆၅) မှာ
အမွှမ်းတင်ခဲ့ကြတာပါ။ မြှောက်စားခဲ့ကြတာပါ။
အဲဒီလို အမွမ်းတင်၊ မြှောက်စားခဲ့ကြတာတွေနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံ၊
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တိုင်းကျိုးပြည်ပြု
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏
ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊ စာမျက်နှာ (၉ မှ ၂၁ ထိ) ဖေါ်ပြထားတဲ့ “ဗိုလ်ချုပ်မှူးကြီးစောမောင်အထ္ထုပ္ပတ္တိ” ဆိုတာကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။
စစ်အုပ်စုက
စိတ်တိုင်းကျအမွှမ်းတင်ခဲ့ပေမယ့် ၁၉၉၀ ပြည့်ရွေး ကောက်ပွဲရလဒ်ကလည်း
သူတို့ထင်သလိုဖြစ်မလာ၊ ဗိုလ်စော မောင်ရဲ့ ကတိစကားတွေကလည်း
မထွေးနိုင်မမြိုနိုင်ဖြစ်ဆိုတော့ နောက်ဆုံးမှာ (နဝတ) ဥက္ကဋ္ဌ၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ၁၉၉၂ ခုနှစ်၊ဧပြီ
၂၃ ရက်မှာ ရာထူးကနေ ဖယ်ထုတ် စွန့်ပယ် လိုက်ကြပါတယ်။
ဒီလိုဖယ်ထုတ်စွန့်ပယ်
လိုက်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်အေးရီ က
စစ်ရုံးချုပ်ကိုလာပြီး ရန်ထောင်တဲ့ အကြောင်း အမေရိကန်ရောက်
ထောက်လှမ်းရေးဗိုလ်အောင်လင်းထွဋ် ပြောကြားချက်တစ်ခုမှာကြားရဖူးပါတယ်။
ဒါ့အပြင်
“ဗိုလ်ချပ်မှူးကြီးရူးသွားပြီ” ဆိုပြီး ထောက်လှမ်းရေးက
တီးတိုးဝါဒဖြန့်ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ ဗိုလ်စောမောင်
ကွယ်လွန်ပါတယ်။
“နိုင်ငံတော်အားကယ်တင်ခဲ့ရသည့် ဒုတိယမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်သမိုင်းတွင် ကမ္ပည်းတင်နိုင်ခဲ့ ပေသည်” ဆိုတဲ့စကားရဲ့ အဓိကဆိုလိုချက်က “ဗိုလ်နေဝင်း” ပြီးရင် “ဗိုလ်စောမောင်” ဆိုပြီး ဖေါ်ထုတ်အမွှမ်းတင်တာပါ။ ဒါပေမယ့် ဒီလို “နိုင်ငံတော်အားကယ်တင်ခဲ့သူ ဒုတိယမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်သမိုင်းတွင် ကမ္ပည်းတင်နိုင်ခဲ့သူ”
ကို စစ်တပ်သမိုင်းကနေ ချန်လှန်ဖယ်ထုတ်ခဲ့တဲ့ စစ်အုပ်စုရဲ့အာဃာတကို
လက်ရှိစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲရှိကြတဲ့ တိုင်းချစ် ပြည်ချစ်
တပ်မှူးတပ်သားတွေ တွေးတော ဆင်ခြင်သတိပြုနိုင်ပါလိမ့်မယ်။
နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးပါတီများမှလည်း သတိမူနိုင်ကြ လိမ့်မယ်လို့
ယူဆပါတယ်။
အခြေခံဥပဒေထဲက ဗိုလ်ချုပ်မှူးကြီး
ပြန်ချုပ်ရရင် ဗိုလ်မင်းအောင်လှိုင်ဟာ မကြာမတင်မှာ “ဗိုလ်ချုပ်မှူးကြီး”
မင်းအောင်လှိုင် ဖြစ်လာပါလိမ့်မယ်။ ဗိုလ်မင်း အောင်လှိုင် အောက်မှာရှိကြတဲ့
အဆင့်ဆင့်သော စစ်ဗိုလ်များလည်း ရာထူးအဆင့်ဆင့်မြင့်တက်လာကြပါလိမ့်မယ်။
တပ်မမှူးတွေ လည်း “ဗိုလ်ချုပ်” အဆင့်ဖြစ်လာပါလိမ့်မယ်။ “နိုင်ငံတကာအဆင့်”
မီအောင် စစ်တပ်ကိုတိုးချဲ့ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ဗိုလ်သန်းရွှေက
“လမ်းကြောင်းချမှတ်ပေး”သွားခဲ့ပြီးပါပြီ။
စစ်တပ်ကိုပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားနိုင်မှ စစ်အုပ်စု
သက်တမ်းရှည်မှာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ရဲ့
တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းကို ဘယ်လောက်အထိ သတ်မှတ် ထားသလဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူကခန့်အပ်တာဝန်ပေးမလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာဖေါ်ပြထားတဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့တာဝန်ဆိုတာတွေကဘာတွေလဲ။ ဒီအချက်တွေဟာ
တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေ လုပ် ဆောင်ကြမယ့်
ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ
သိရှိလေ့လာထားကြမယ့်အချက်တွေဖြစ်ပါလိမ့်မယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ရမယ့်သက်တမ်းကို
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖေါ်ပြထားခြင်းမရှိသော် လည်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူက ခန့်အပ်တာဝန်ပေးမလဲဆိုတာကိုတော့
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၄၂) မှာ “နိုင်ငံတော်သမ္မတသည်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုခန့်အပ်တာဝန်ပေးရမည်” ဟုပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ၂၀ (ခ) မှာ “တပ်မတော်သည်
တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံကို လွတ်လပ်စွာစီမံ ခန့်ခွဲ စီရင်ပိုင်ခွင့်
ရှိသည်” ဖေါ်ပြထားလေတော့ –
- ပြည်သူ့လွှတ်တော်သို့ စစ်သားအမတ် (၁၁၀) ဦး စေလွှတ်သည့်ကိစ္စ
- အမျိုးသားလွှတ်တော်သို့ စစ်သားအမတ် (၅၆) ဦး စေလွှတ်သည့်ကိစ္စ
-ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအတွက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်သည့် ကိစ္စ
- ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန် (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ (ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ) —
စတဲ့ကိစ္စများကို ပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် မည်သို့ ပြုပြင်ပြောင်းလဲ ယူကြ မည်နည်း။
“တပ်မတော်၏လွတ်လပ်စွာစီမံ ခန့်ခွဲ စီရင်ပိုင်ခွင့်”ကို မည်သို့ ထိန်းချုပ်ကြမည်နည်း။
စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ကိစ္စတွေဟာ
“ကျားမြှီးဆွဲရုံ တင်မကဘူး၊ ကျား ကို ဂုတ်ခွစီးရမယ့်ကိစ္စ” မျိုးဖြစ်ပါတယ်။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေး
ဆိုတဲ့ တာဝန်များကတော့ စစ်တပ်ပြုပြင်ပြောင်းလဲ ရေးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်အတိုင်းအတာ
အထိလုပ်နိုင်သလဲဆိုတဲ့ အချက်အပ်ါမှာပဲ အဓိက တည်မှီ နေပါတယ်။
ညွန်း
- မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ )
- (မြဝင်း)“တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ) ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ ဇွန်လ
- ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း၊ မြန်မာ့အလင်းသတင်းစာ (၂၈ မတ် ၂၀၁၂)
- “မြန်မာနိုင်ငံ၊
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တိုင်းကျိုးပြည်ပြု
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏
ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
မိုးမခမှ ကူးယူဖေါ်ပြပါသည်။
