Wednesday, March 28, 2012

လပွတ္တာမြို့နယ်က လူငယ်တွေအတွက် မဇ္ဈိမအလင်း လို့ အမည်ပေးထားတဲ့ အင်္ဂလိပ်စာသင်တန်း ပညာဒါနကျောင်း အမှတ်စဉ် ၂ ဖွင့်လှစ်ပွဲ အခမ်းအနား


နာဂစ်မုန်တိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးတဲ့နောက် ပြန်လည် ထူထောင်ဖို့
အတွက် ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းခဲ့ကြရတဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က လူငယ်တွေအတွက် မဇ္ဈိမအလင်း လို့ အမည်ပေးထားတဲ့ အင်္ဂလိပ်စာသင်တန်း ပညာဒါနကျောင်း အမှတ်စဉ် ၂ ဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့က ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မီဒီယာတွေ၊ ကျောင်းသူကျောင်းသား မြို့ခံပြည်သူလူထု အယောက် ၅၀၀ ဝန်းကျင်ခန့် လာရောက်ခဲ့ကြပါတယ်။ နေ့လယ် ၁း၀၀ နာရီအချိန်မှာတော့ ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ လပွတ္တာမြို့မှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပညာရေး၊ လူမှုရေး စတဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်စေမယ့် ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကို လပွတ္တာမြို့နယ် အတွင်းက ဒညင်းကုန်းကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာအုပ်စုတို့မှ လယ်သမားတွေ ရောက်ရှိလာကြပြီး အတင်း
အဓမ္မ စီမံကိန်းသီးနှံတွေ စိုက်ပျိုးနေရမှု၊ လယ်ယာမြေ အခက်အခဲ စတာတွေနဲ့ ပတ်သတ်ပြီး အခက်အခဲတွေကို ပြောပြခဲ့ကြပါတယ်။