By ဇာဏီ၊ မတ်လ ၆ ရက်နေ့၊၂၀၁၂ ခုနှစ်။
ဒီကနေ့ မနက် ၉း၃၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ရုံးကြီးရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မယက ရုံးဝင်ပေါက်ရှိ ရေနှုတ်မြောင်း ပျက်ဆီးသွားခဲ့ပြီး ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။
"ဒီနေ့ မနက် ၉ နာရီခွဲလောက်ရှိမယ်။ မယက ရုံးဝန်းထဲမှာ ပေါက်တာပါ။ အဲဝန်းထဲမှာက ခယကရုံး ရှိတယ်၊ တရားရုံး ရှိတယ်၊ နောက် မယကရုံး ရှိတယ်။ ဗုံးပေါက်ပြီးတော့ ထိခိုက်ဒဏ်ရာ ရတာတော့ သတင်းတော့ မကြားဘူး။ရဲတွေကတော့ ရုံးတွေရှေ့မှာ လုံခြုံရေးယူထားတာတွေ့တယ်။ အဲရုံးဝန်းထဲမှာ နောက်ပြီးတော့ လူကြီးတွေ နေတဲ့အိမ်တွေနဲ့လဲ နီးတယ်ဆိုတော့ လုံခြုံရေးတွေက အကုန်လုံးကို ပိတ်ထားတယ်။ ဒီရုံးထဲမှာ တော်ယုံတန်ယုံ ပေါက်ဖို့ကလဲ မလွယ်ဘူး။ အဲတာကြောင့် ဒီဗုံး ဘယ်လိုပေါက်လဲဆိုတာ စဉ်းစားရခက်နေကြပါတယ်။ ဗုံးက ကြီးကြီးမားမား ဗုံးတော့ မဟုတ်ပါဘူး။ ရုံးကလဲ ၁၀ နာရီလောက်မှ တက်တယ်ဆိုတော့ ၉း၃၀ လောက်မှာ ပေါက်တာဆိုတော့ လူတွေလဲ သိပ်မရောက်သေးတဲ့အတွက် ထိခိုက်ဒဏ်ရာ ရတာကလဲ အသေအချာတော့ မကြားရပါဘူး။ လက်ရှိအခြေအနေတော့ လူတွေ ဖြတ်သွားနေပြီး အေးဆေးပါပဲ။ "လို့ ဟင်္သာတမြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
အလားတူပဲ ဟင်္သာတမြို့ မြန်မာ့ဆက်သွယ်ရေးရုံးဝန်းအတွင်း မိုက်ခရိုဝေ့ တာဝါတိုင်အောက်တွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့တယ် သတင်းရရှိပါတယ်။
Photo Credit and Thanks to Thxa Lay Hza
