၂-၃-၂၀၁၂
လွတ်လပ်ပြီး
လူသားဂုဏ်ရည် မြင့်မားတဲ့ ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက်
အခြေခံအကျဆုံးကတော့ ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်
အရပ်ရပ်က ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်း၊ ဒီ ဥပဒေတွေနဲ့ အညီ ကျွန်တော်တို့ အစိုးရက
အုပ်ချုပ်၊ ဒီဥပဒေတွေနဲ့ အညီ တရားစီရင်ရေး မဏ္ဍိုင်က လိုက်နာ ဆောင်ရွက်
သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ် ရေး ယန္တရားမှာ Rule of Law
ရှိရပါမယ်။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ကြရာမှာ
Rule of Law ရှိရပါမယ်။ လူမှုဖူလုံရေးအတွက်လည်း Rule of Law ရှိရပါမယ်။
နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာလည်း Rule of Law ရှိရပါမယ်။ အပြည်ပြည်
ဆိုင်ရာ ဆက်ဆံရေးမှာလည်း Rule of Law ရှိရပါမယ်။ တရားစီရင်ရေးမှာလည်း Rule
of Law ရှိရပါမယ်။ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး Rule of Law
နဲ့အညီ ဆောင်ရွက် နိုင်ပြီ ဆိုရင် လူ့ အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ
ဆိုတာတွေလည်း အလိုအလျောက် ထွန်းကား ရှင်သန်လာမှာ ဖြစ်တဲ့ အတွက် နိုင်ငံ
တည်ဆောက်ရေး အဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်
နေပါတယ်။ ဒီတာဝန် ကြီးကိုလည်း ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ်
ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
အာဏာ (၃)ရပ်ကို အညီအမျှ ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ ဒီအာဏာ ကြီး (၃)ရပ်ကို
အညီအမျှ ခွဲဝေကျင့် သုံးပြီး စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊
ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ မိဘ ပြည်သူနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကို နားလည်မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ ဆက်လက်
ဆောင်ရွက် သွားကြမယ်ဆိုရင် ကျွန်တော်တို့ အားလုံး မျှော်မှန်းထားတဲ့
ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို
ရောက်ရှိလာ မှာ ဖြစ်ပါတယ်။
ဖောင်ဒေးရှင်းတွေ၊
အသင်းအဖွဲ့တွေ စနစ်တကျ ဖြစ်ထွန်း အောင်မြင်နေတာဟာလည်း ကျွန်တော် တို့
လူ့အဖွဲ့အစည်း အတွက် ဂုဏ်ယူ ၀မ်းမြောက် ဖွယ်ရာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးမှာ ဒီ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ရှိနေတာ ဖြစ်ပါတယ်။
အားနည်းသူတွေ အကာအကွယ် ပေးရေးမှာလည်း ဥပဒေနဲ့ အညီ တောင် သူ လယ်သမားတွေရဲ့
အခွင့်အရေးတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင် မယ့်
လူတန်းစား သမဂ္ဂ၊ အဖွဲ့အစည်းတွေ စနစ်တကျ ပေါ်ထွက်လာအောင်လည်း ကျွန်တော်တို့
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ
အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ဒသ၃
ရာခိုင်နှုန်း ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့ အညီ
အစိုးရ ၀န်ထမ်းမဟုတ်သော သာမန် လက်လုပ်လက်စား ပြည်သူ ၉၇ဒသမ၇
ရာခိုင်နှုန်းခန့်ကို ပြန်လည် ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင်
လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက်
တက်လာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းတွေ လစာတိုးမြှင့်
ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်း မဟုတ်တဲ့ (၅၈) သန်းသော ပြည်သူတွေဟာ
ဒီနောက်ဆက်တွဲ အကျိုး ဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ကိုယ့်ယန္တရားတစ်ခုတည်းကိုပဲ အလေးပေး စဉ်းစားလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ
ကျွန်တော်တို့ အနေနဲ့ လစာ (သို့မဟုတ်) ထောက်ပံ့ကူညီမှု တွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာ အနှံ့က အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာ တွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့
ကောလဟာလ တွေလည်း ကျွန်တော်တို့ ကြားသိနေရာပါတယ်။ ကျွန်တော်တို့ အစိုးရဟာ
အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ ဂိုဏ်းဆိုပြီး ကွဲပြားနေတာ
မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေ ပေါ်မှာ မူတည်ပြီး
စီမံခန့်ခွဲမှု ကွဲပြား ခြားနား တာက လွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့
မူဝါဒကို ကျွန်တော်တို့ အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့
အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစား
တစ်ခုတည်း၊ အသိုင်းအ၀ိုင်း တစ်ခုတည်း တိုးတက် ကြီးပွားစေရေး မဟုတ်ဘဲ
မြန်မာ့ လူ့ဘောင် အဖွဲ့ အစည်း ကြီး တစ်ခုလုံး အတွင်းမှာ ရှိတဲ့ အလွှာအားလုံး၊
လူတန်းစား အားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံ ပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုး
တိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့
လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊
ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ
ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိ
ပြည်သူများအကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန်
မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့ အညီ
အကောင်းဆုံး နည်းလမ်းများရှာပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်း စေရေး အတွက် လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာ နည်းတူ လျော့ကျအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
(နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌
ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်)
သုံးသတ်ချက်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့် ခွန်းကတော့ မိနစ် ၅၀ ကျော် ပြောကြားခဲ့ပါတယ်။
(၁)ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးမှာ ဒီ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်။ (လူမှုအဖွဲ့ အစည်းတွေ အလုပ်သမားလယ်သမား ကျောင်းသားသမဂ္ဂ၊အဖွဲ့အစည်းတွေတရားဝင် ဖွဲ့ စည်း ခွင့်မရသေးပါဘူး။)
(၂) Rule of Law ရှိရပါမယ်။ (ဥပဒေစိုးမိုးမှုမရှိလို့ ဂိုဏ်းဖွဲ့ လူသတ်မှု ရိုတ်နက်မှု မဲဆွယ်စည်းရုံးမှုကို ခြိမ်းခြောက်မှု ဟန့် တားမှု တွေလုပ်နေတာပေါ့)
(၃)သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်မှုရှိရမယ်။ (အစိုးရသတင်းစာမှာ တရားဝင်အတိုက်အခံတွေရဲ့ မဲဆွယ်စည်ရုံးရေးလှုပ်ရှားပုံတွေမထည့်တာ ပါတီရဲ့ မှုဝါဒတွေကိုပြည်သူတွေသိအောင် ရုပ်မြင်သံမှပြောခွင့်မပေးဒါတွေဟာ လွတ်လပ်မှုမရှိဘူး သမတကြီးမေ့နေတယ်ထင်တယ်။)
(၄)ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးမှာ ဒီ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာဖြစ်ပါတယ်။ (လူ့ ဘောင်အဖွဲ့ အစည်းတွေဟာ အရေးကြီးတယ်ဆိုပြီး ICRCလို HRWအဖွဲ့ ကိုဝင်ခွင့်မပြုတာ လွတ်လပ်စွာဖွဲ့  စည်းခွင့် ဆန္ဒပြခွင့်မရှိဘဲ ဖမ်းဆီးအရေးတာတွေရှိနေပါသေးတယ်။)
(၅)တပ်မတော်တို့ဟာ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကို နားလည်မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ ဆက်လက်
ဆောင်ရွက်သွားကြရမယ်။ (တပ်မတော်ကိုအကြံပြုနေရတာဟာ တပ်မတော်က နားလည်မှုမရှိ၊ ယုံကြည်မှုမရှိလို့ ဖြစ်မှာပေါ့။)
(၆) ကျွန်တော်တို့ အစိုးရဟာ ခေါင်းမာဂိုဏ်းနဲ့  အပျော့ဂိုဏ်းဆိုပြီး ကွဲပြားဒါမရှိပါဘူး လူတစ်ဦးချင်း စီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေ ပေါ်မှာမူတည်ပြီး
စီမံခန့်ခွဲမှုကွဲပြားခြားနားတာက လွဲလို့။ (ဂိုဏ်းဂဏကွဲပြားမှုမရှိပါဘူးတဲ့ ဥပဒေမှာ စီမံခန့်ခွဲအုပ်ချုပ်မှုဆိုတာ(မူဝါဒ)ဖြစ်ပါတယ်။စီမံခန့်ခွဲမှု ကွဲပြားမှတော့ မှုဝါဒကွဲပြားတာ ဘဘာဝကျပါတယ် ရဲရဲဝံ့ဝံ့ထုတ်ဖေါ်ပြောကြားဖို့ လိုပါတယ်။