ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတ၀န်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပါတီ စည်းရုံးရေး ခရီးစဉ်
တွေမှာ ကန့်သတ်မှုတွေ၊ အဟန့်အတားတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဖေဖော်ဝါရီလ ၂၀ ရက်
နေ့မှာ အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ
ဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ အရင်က ကန့်သတ်ထားတာတွေကို ရုပ်သိမ်းတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
အန်အယ်လ်ဒီ ပါတီကို အကြောင်းကြားလာတယ်လို့ ဦးဉာဏ်ဝင်းက အခုလို ပြောခဲ့ပါတယ်။
