၂၈-၂-၂၀၁၂
ဈေးချိုသူ
ဈေးချိုသားများ ခင်ဗျာ၊ ကျွန်တော်တို့ ရန်ကုန်မြို့ကနေ ရောက်ရှိလာတဲ့
၈၈မျိုးဆက် ကျောင်းသူ ကျောင်းသားများ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့
မန္တလေးခရီးစဉ်မှာ ဈေးချိုဟာ မဖြစ်မနေ ၀င်ကို ၀င်ရမယ့် ခရီးတစ်ခုဖြစ်ပါတယ်။
ဈေးချိုကို ကျွန်တော်တို့ ၀င်ရတဲ့ အကြောင်းက ဈေးချိုရဲ့ အင်မတန်
ကြီးမားလှတဲ့ အစဉ်အလာ ဂုဏ်ရောင်ကို ဦးညွတ်ချင်လို့ ၀င်လာတာပါ။
ကိုလိုနီခေတ် နယ်ချဲ့ ဆန့်ကျင်ရေး ခေတ်ကတည်းက အာဇာနည်၁၇ဦးအသက် ပေးခဲ့ရတဲ့
မန္တလေးမြို့က ဂုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲတွေမှာ ဈေးချိုသူ
ဈေးချိုသားတွေ ဘယ်လောက်ကူညီ ပံ့ပိုးခဲ့တယ်ဆိုတာ ကျွန်တော်တို့
မကြုံခဲ့ပေမယ့် သမိုင်းမှာ အထင်အရှား ရှိပါတယ်။ ခေတ်အဆက်ဆက်မှာလည်း
ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဈေးချိုသူ ဈေးချိုသား တွေ အားပေးရုံမက
ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ဆင်နွှဲခဲ့လို့ မန္တလေးမြို့ရဲ့ သမိုင်းကို
ပြောမယ်ဆိုရင် ဈေးချိုရဲ့ သမိုင်းဟာ ချန်ထားလို့ မရအောင် အမျိုးသားရေး
လှုပ်ရှားမှုတွေမှာ အစဉ်အလာ ကြီးခဲ့တာကို ကျွန်တော်တို့ သိပါတယ်။
ရှေ့ဆက်ပြီးတော့
လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကျွန်တော်တို့
ကြိုးစားနေပါတယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ ကျန်ခဲ့တဲ့ ခေတ်ကလို
ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်း မဟုတ်တာမျိုးကို ပြောချင်တာပါ။
ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းက ဘာလဲ ဆိုတော့ ၂၆နှစ် ကြာသွားတဲ့အခါမှာ
ကမ္ဘာမှာ အဆင်းရဲဆုံး ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည် အဖြစ်
ဒေ၀ါလီခံလိုက်ရတဲ့ စနစ်မျိုးကို ပြောတာပါ။ အဲတာဟာ ပိတ်ဆို့ထားတဲ့
လူ့အဖွဲ့အစည်းပါ။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းပါ။
အဲတာက ဘာလဲဆိုတော့ လွတ်လွတ် လပ်လပ် ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့
အခွင့်အရေးတွေကို ပြောကြ ဆိုကြဖို့ပါ။
လွတ်လပ်စွာ
ပြောဆို ရေးသား ထုတ်ဝေခွင့်ဆိုတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ
ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ အခြေခံ ပြယုဂ်ပဲ ဖြစ်ပါတယ်။ ပွင့်လင်းတဲ့
လူ့အဖွဲ့အစည်းမှာ
ပြည်သူ ပြည်သားတိုင်းဟာ မိမိတို့ရဲ့ အခက်အခဲ မိမိတို့
အပေါ်မှာ မတရားသဖြင့် ပြုတယ်လို့ ခံစား ရတဲ့ ကိစ္စ မှန်သမျှကို ပွင့်လင်း
လူ့အဖွဲ့အစည်းက ဖော်ထုတ်ပါလိမ့်မယ်။ အဲဒီမှာ ဥပမာ အားဖြင့်
ပြရမယ်ဆိုလို့ရှိရင် ပြည်သူတွေ အခွန်အခတွေ တက်တဲ့ အခါမှာ ပြည်သူတွေ အတွက်
ဝန်ထုပ် ၀န်ပိုး ဖြစ်တာမျိုးကို စပြီး ထောက်ပြတာမျိုးက စပါတယ်။ တစ်ဆက်
တည်းမှာပဲ ပညာရေး မှာ ဆိုရင်လည်း ပညာရေးရဲ့ ပေါ်လစီတွေ ဖြစ်တဲ့ တစ်ချိန်လုံး
ကျွန်တော်တို့ တစ်သက်မှာ ဆိုရင် အပြောင်းအလဲတွေ အင်မတန် များလွန်းတဲ့ ကပြောင်းကလဲ ပညာရေးစနစ်ကြောင့် နိုင်ငံရဲ့ ပညာအဆင့်အတန်းဟာနိုင်ငံတကာမှာ နောက်ကျခဲ့ရတာမျိုးကို ထောက်ပြတာတွေလည်း ရှိပါလိမ့်မယ်။
တစ်ချိန်တုန်းကတော့
ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ လူတွေ အားလုံးဟာ ဂုတ်ပေါ်မှာ
ဓားဝဲထားရတဲ့ အကြောက်တရားအောက်မှာပဲ နေကြရတာပါ။ ပွင့်လင်းလာတဲ့
လူ့အဖွဲ့အစည်း မှာတော့ ပညာကို တန်ဖိုးထားကြပါလိမ့်မယ်။ ပညာနဲ့အတူ အသိတရားနဲ့
မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါလိမ့်မယ်။ ပညာဆိုတဲ့ နေရာမှာ
စိတ်စေတနာတစ်ခု တည်းနဲ့ မပြီးဘူး ဆိုတာ ပြပါလိမ့်မယ်။ ဆိုလိုတာကတော့လူတစ်ယောက် ရှေ့မှာ ရောဂါတစ်ခု ဖြစ်လို့ သောက်သုံးလိုက်တဲ့ ဆေးဟာ ဒီလူအတွက် ပျောက်သွားပေမယ့် နောက်တစ်ယောက်ကို ဒီဆေးတိုက်လို့ ရချင်မှ ရမယ်ဆိုတဲ့ ဒီအသိတရား မျိုးပါ။ မြင့်မား လာပါတယ်။
နောက်တစ်ခါ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို ဖော်ထုတ်ဖို့ အတွက် ပွင့်လင်းတဲ့
လူ့အဖွဲ့ အစည်းမှာ တရားမျှတရေးဆိုတဲ့ အသင်းအဖွဲ့တွေ ပေါ်ဖို့ လိုပါတယ်။
ဆိုလိုတာကတော့ တရား ဥပဒေ အောက်မှာ အားလုံး ညီမျှစွာ ရှိရေးပါပဲ။ အဲဒီအတွက်
ဥပဒေ တတ်ကျွမ်းထားတဲ့ ဥပဒေ တတ်ကျွမ်းနားလည်ထားတဲ့ လူငယ်တွေများစွာဟာ
တရားမျှတရေး အသင်းအဖွဲ့တွေ ဖွဲ့ပြီးတော့ လှုပ်ရှား ကြပါလိမ့်မယ်။ ပြည်သူတွေ
ဘက်ကလည်း နစ်နာဆုံးရှုံးချက်တွေကို စုပေါင်းပြီးတော့ ပြောဆိုခြင်း ၊
စုပေါင်းပြီးတော့ လက်မှတ်ရေးထိုးခြင်း၊ တောင်းဆိုခြင်းတွေလည်း လုပ်မှာပဲ။
ဒါတွေ အားလုံးဟာ တရားဝင်ပါတယ်။ ဥပဒေ ဘောင်ထဲကနေပြီးတော့ လှုပ်ရှားတယ်ဆိုတဲ့
အသိကိုလည်း တစ်ဆက်တည်းမှာ ပေးသွားရမှာ ဖြစ်ပါတယ်။
ဒီကနေ့
မန္တလေးကို ကျွန်တော်တို့လာတာ အမှန်အတိုင်းပဲ ပြောပါမယ်။ အုပ်ချုပ်ရေးဘက်က
လူတွေ ကျွန်တော်တို့ ဘက်ကို မျှမျှတတနဲ့ သဘောထားကြီးကြီး ခွင့်ပြုတာ၊
ပူးပေါင်းဆောင်ရွက် တာတွေ တွေ့ရလို့ ကြိုဆိုပါတယ်။ ဒီပုံအတိုင်းဆို
ဒီမိုကရေစီကို ရောက်ပါ တယ်။ သေချာပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့
အနာဂတ်အတွက် လူရွှင်တော် ပါပါလေးတို့ဆိုရင် အကျဉ်းထောင် တွေ
ကျောက်မိုင်းတွေမှာတောင်မှ ကျောက်ခွဲခဲ့ရတဲ့အထိ ဘ၀တွေ ကြမ်းခဲ့ရပါတယ်။
ကျွန်တော်တို့ရင်ထဲမှာ ခါးသီးမှုတွေ များစွာ ရှိပါတယ်။ သို့သော် အခါးတွေကို
မပြောတော့ပဲနဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ပြီးခဲ့တာတွေ
ထားခဲ့ပြီးတော့ ကျွန်တော်တို့အားလုံး က အောင်ပွဲရဖို့အထိ အနာဂတ်နိုင်ငံရော
ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့အထိ ကျွန်တော်တို့ အားလုံး
လက်တွဲချင်ပါတယ်။ အဲဒါ အာဏာပိုင်တွေ ရော ကျွန်တော်တို့က ပြီးခဲ့တဲ့
အာဃာတ တွေအားလုံး စွန့်လွှတ်ပြီးတော့ စတင်ပြီးတော့ လက်ကမ်းလိုက်တယ်ဆိုတာကို
ကြေညာ ပါတယ်။
နောက်ဆုံးတော့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချီတက်ကြတဲ့ နေရာမှာ လူ့အဖွဲ့အစည်းဟာ
ပွင့်လင်း မြင်သာမှုလိုသလို တာဝန်ယူမှုတွေလည်း လိုပါတယ်။ အဲတာတွေကတော့ ပြည်သူ
ပြည်သားတိုင်းဟာ တိုင်းပြည် တည်ဆောက်ရေးအတွက် အားလုံးလုပ်အားများ
ပါဝင်ခွင့် ရဖို့ပါ။ အဲဒီအတွက်က လူထု လှုပ်ရှားမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ
စိုးရိမ်ကြောင့်ကြရှိစရာ မလိုဘူးဆို တာကို ကြိုပြီးတော့ ပြောချင်တာပါ။
ကျွန်တော်တို့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းက တစ်ဆင့်
အနာဂတ်မျိုးဆက်တွေ အတွက် အာမခံချက်ရှိတဲ့ ခေတ်စနစ်တစ်ခုကို
ချီတက်သွားနိုင်မှာပါ။ ကျွန်တော်တို့ မျိုးဆက်တွေဟာ ငြိမ်းချမ်းရေးနဲ့
ညီညွတ်ရေးကို ဖော်ဆောင်ကြမှာပါ။ အဲဒီ ပွင့်လင်းလူ့အဖွဲ့အစည်းကပဲ
ခေတ်အဆက်ဆက်မှာ ရယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို
ရအောင်တည်ဆောက်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ အတူတကွ
ပူးပေါင်း ဆောင်ရွက်ရေးဟာ ဟောဒီပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ အရေးကြီးဆုံး
လုပ်ငန်း ဖြစ်ပါတယ်။ အဲတာ အသက်သွေးတမျှ အရေးကြီးပါတယ်။ အာဏာပိုင်အဆင့်၊
အဖွဲ့အစည်း အဆင့်ဆင့်နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
- ကိုမင်းကိုနိုင် (ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ Eleven Media Group သို့ ဖြေကြားခဲ့သည်များမှ ကောက်နှုတ်ချက်များ)
- ကိုမင်းကိုနိုင် (လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး၏ နေအိမ်ရှေ့ ၀ရန်တာမှာ လူထုသို့ ပြောကြားသော နှုတ်ခွန်းဆက်စကားမှ ကောက်နှုတ်ချက်)
အဓိက
ကတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ကင်းကွာနေတဲ့ နှစ်တွေက
အပြင်မှာ နေတဲ့ ကာလနဲ့ စာကြည့်လို့ရှိရင် နှစ် ၂၀ နီးပါးလောက်
ကင်းကွာနေတော့ ကျွန်တော်တို့ အခု လိုမျိုး လွတ်လာတဲ့ အချိန်
နိုင်ငံတော်မှာလည်း ဒီ သမ္မတ အပါ အ၀င်ပေါ့လေ။ နိုင်ငံရေး အဆောက်အအုံတွေ
ပြောင်းလဲမှုတွေ စတင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဒေသ အသီးသီးမှာ ရှိတဲ့
ပြည်သူတွေနဲ့ ကျွန်တော်တို့ ထိတွေ့ချင်တယ်၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ ရင်ခုန်သံတွေ ကို
ကျွန်တော်တို့ နားထောင်ချင်တယ်။ ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော်တို့
မျှဝေပြီး ခံစားချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ နယ်တွေ
ထွက်လာခဲ့တာပါ။ ကျွန်တော်တို့ နယ်တိုင်း နယ်တိုင်း သွားတဲ့ အခါမှာ
ကျွန်တော်တို့ ပြည်သူတွေက အပြောင်းအလဲကို ဘယ်လောက် မျှော်လင့်နေတယ်။
တောင့်တနေတယ်ဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင်
တွေ့ရှိရတဲ့
အတွက်ကြောင့် ကျွန်တော်တို့ အပေါ်မှာလည်း တာဝန်တွေ ပိုပြီး ကြီးလာတယ်လို့
ခံစားရပါတယ်။
-ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားများ ကချင်၊
မန္တလေး၊ တောင်သာ၊ မြင်းခြံ အစရှိသော ဒေသများသို့ ခရီးထွက်ခဲ့ခြင်းနှင့်
ပတ်သက်၍ Eleven Media Group သို့ ဖြေကြားချက်