ကဗျာဆိုတာ
လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊
နှလုံးသားရဲ့ ခုန်လှူပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ။
(အောင်ဆန်းစုကြည်)။
“သံကြိုးကွင်းသံ တညံညံ”
ဆံပင်တွေလည်း ဆွေးမြည့်လို့
လည်ပင်းတွေလည်း ဆန့်ထွက်လို့
အဲ့ဒီလို ထွက်ပြီးသား အသက်တွေလည်း ပြန်ပြန်ဝင်နေလို့
တောင့်တောင့်ကြီး ရပ်နေတာတောင်
ခြေထောက်တွေက လှမ်းနေလို့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေထဲ
သွေးချင်းတိုက်မိလို့
ငါတို့ရုန်းကန်သံ
နည်းနည်းလှူပ်လိုက်တာနဲ့ မြည်တယ်၊
(အောင်ဆန်းစုကြည်)။
"အသံတိတ် တိုင်းပြည်ထဲမှာ"
အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။
သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။
မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။
အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။
အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။
အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။
တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။
ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။
နဝတကတော့ အရာရာကို ဖျက်စီးနေကြတယ်။
အသံတိတ် တိုင်းပြည်ထဲမှာ
အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။
အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံ ကတော့ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။
(အောင်ဆန်းစုကြည်)။
(ဘာသာပြန်။ ။ ဘလော့ခ်ဂါ အလင်းဆက်)။
ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်အလေး
ထားမှုဟာ “ကဗျာဆိုတာ လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊ နှလုံးသားရဲ့ ခုန်လှူပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊ လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊ ကဗျာဆိုတာကျမတို့ရဲ့
ရုန်းကန်သံ ပါပဲ” ကဗျာအပေါ် အမြင်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာတိုင်းမှာ ပေါ်လွင်နေကြောင်း ဖြစ်ပါတယ်။