Wednesday, July 16, 2014

၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ညှိနိုင်းဆွေးနွေး



ယနေ့ ဇူလိုင်လ၊ ၁၆ ရက် ၊ မွန်းလွဲ ၃း ၃၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ၂၆နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနိုင်းဆွေးနွေးပွဲသို့ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါညှိနိုင်းဆွေးနွေးပွဲမှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

(၁) ရှစ်လေးလုံးအရေးတော်ပုံ ၂၆နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်ရှိ ဓမ္မပီယကျောင်းတိုက်၌ ကျင်းပပြုလုပ်မည်။
(၂) ယင်းအခမ်းအနားကို အောက်ပါအစီအစဉ် (၂)ရပ်ဖြင့် ကျင်းပပြုလုပ်မည်။
(က) ၂၆နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း
(ခ) ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီမှ လုပ်ငန်းပြီးမြောက်မူ အစီအရင်ခံစာတင်သွင်းခြင်းနှင့် ယင်းအစီအရင်ခံစာအပေါ် ဆွေးနွေးအကြံပြုခြင်း။
(၃) ယနေ့ညှိနိုင်းဆွေးနွေးပွဲမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရန်အတွက်
 အောက်ပါလုပ်ငန်း ကော်မတီ (၅)ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။

(က) အခမ်းအနားပြင်ဆင်ရေးနှင့် ပြခန်းကျင်းပရေးကော်မတီ
(ခ) ဖိတ်ကြားရေးနှင့် ကြိုဆိုဧည့်ခံရေးကော်မတီ
(ဂ) ပြန်ကြားရေးကော်မတီ
(ဃ) ဘဏ္ဍာရေးကော်မတီ
(င) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ တို့ ဖြစ်သည်။
(၄) ၂၆နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကျင်းပရန်အတွက် အလှူငွေကောက်ခံခြင်းမပြုရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
(၅) နောက်တစ်ကြိမ်အစည်းအဝေးကို ဇူလိုင်လ၊ ၂၀ ရက်၊ မွန်းလွဲ ၂း ၀၀ နာရီတွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။
ယနေ့ညနေ ၅း ၀၀ နာရီတွင် ၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကျင်းပနိုင်ရေး ပထမအကြိမ် ညှိနိုင်းဆွေးနွေးပွဲပြီးဆုံးခဲ့သည်။
 The 88 Generation Peace and Open Society