Tuesday, October 8, 2013

NLD လူငယ်ညီလာခံတွင် ရွေးချယ်ခံရသူများအား
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုက်ရိုက်ကြီးကြပ်မည်

ခင်မြတ်မြတ်ဝေ | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၉ မိနစ်

ယခုနှစ်ကုန်တွင် ပြုလုပ်မည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ရွေးချယ်ခံရသော လူငယ်များကိုဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အုပ်ချုပ်သွားမည်ဟု NLD ဗဟိုအလုပ်မှုဆောင်    ကော်မတီဝင် ဦးဟန်သာမြင့်က မဇ္ဈိမကို ပြောသည်။

NLD ၏ လူငယ်ညီလာခံကို ၂၀၁၃ခု နှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ညီလာခံမှ   ရွေးချယ်ခံရသော လူငယ်များကို အရည်အချင်းပြည့်မီသူများအဖြစ် မွေးထုတ်သွားနိုင်ရန် NLD ပါတီ၏ ဗဟို လူငယ်တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မည်ဟု ဦးဟန်သာမြင့်က ဆိုသည်။
“လူငယ်တွေရဲ့ အရည်အချင်းတွေပေါ်မူတည်တယ်။ လူတစ်ဦးချင်းစီရဲ့ လွှတ်တော်ဝင်နိုင်တဲ့                    စွမ်းဆောင် ရည်တွေကို အရည်အသွေးတွေကို စိစစ်ပြီး နောင်လာမည့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်လာမှာပါ”ဟု ဦးဟန်သာမြင့်က ပြောသည်။

ညီလာခံတွင် ရွေးချယ်ခံရသူများအား နိုင်ငံရေးနှင့် ပတ်သက်သော သင်တန်းများ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဥပဒေ၊ လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ယောက်၏ အရည်အချင်းမြှင့်တင်ရေး သင်တန်းများ အပြင် ပြည်ပသင်တန်းများပါစေလွှတ်သင်ကြားစေပြီး အရည်အချင်းပြည့်မီသူအား ၂၀၁၅၊ ၂၀၂၀ စသော ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်စေမည်ဟု သိရသည်။

လူငယ်ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ကျေးရွာများအထိ ကွင်းဆင်းမှု များကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ညီလာခံတက်ရောက်ရန် ရပ်ကွက်အလိုက် ၀င်ရောက် အရွေးချယ်ခံသည့် လူဦးရေပေါ်မူတည်ကာ အချိုးကျ ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

သာကေတမြို့နယ်တွင်မူ ညီလာခံတက်ရောက်ရန် တစ်ရပ်ကွက်လျှင် လူငယ်ငါးဦးနှုန်း ရွေးချယ်ရန် သတ်မှတ်ထားပြီး ထိုမှတစ်ဆင့် မြို့နယ်အဆင့်တွင် ထွက်လာမည့် လူဦးရေပေါ်မူတည်ကာ တာဝန်ခံ       ၁၅ ဦးနှင့် အရံအဖွဲ့ဝင် ငါးဦးရွေးချယ်မည် ဖြစ်သည်။

ထိုသို့ တစ်မြို့နယ်လျှင် အယောက်၂၀ ရွေးချယ်ပြီး တိုင်းနယ်ပြည်နယ်အဆင့်ဆင့် ရွေးချယ်သွားကာ ဗဟိုညီလာခံကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သာကေတမြို့နယ် လူငယ်ညီလာခံ ပေါ်ပေါက်ရေး   ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ရှင်းပြသည်။

လူငယ်ညီလာခံတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူသည် အသက် ၁၆နှစ်မှ ၃၅နှစ်အတွင်း လူငယ်များဖြစ်ရ မည်ဖြစ်ပြီး ကိုယ်ရေးရာဇ၀င်အပြည့်အစုံနှင့် ဓာတ်ပုံသုံးပုံကို နှစ်ပတ်အတွင်း သက်ဆိုင်ရာမြို့နယ် အလိုက်စာရင်းပေးသွင်းရန် လိုအပ်သည်။

၁၉၈၈ခုနှစ် NLD ပါတီ၏ ဖွဲ့စည်းပုံ မူဝါဒတွင် လူငယ်များ၏ အခန်းကဏ္ဍကို သီးသန့်ရေးဆွဲထားသည်။