၂၀၁၃-၁၀-၁၇
``ဖွဲ့စည်းပုံအခြေခံမူရဲ့ အခန်း ( ၁ ) ၊ အပိုဒ် ( ၆ ) မှာ နိုင်ငံတော်သည် ( ဃ )စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေးလို့ ဖေါ်ပြပါရှိပါတယ်။ အဲဒီနောက် အပိုဒ်ခွဲ ( စ )မှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ် တစိုက် ဦးတည်ထားသည်လို့ ထည့်ွသွင်းထားတာကို တွေ့မြင်ရပါတယ်။ အဲဒီ အချက်နဲ့ ဆက်စပ်ပြီး ပုဒ်မ - ၁၇ ( ခ ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည့် ဆိုသည့်အချက်ကို အခိုင်အမာ ထည့်သွင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီအခန်းမှာပဲ ဖေါ်ပြထားတဲ့ ပုဒ်မ ( ၇ ) ကို လေ့လာရင် `` နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ´´ လို့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ဆန့်ကျင်ဖီလာဖြစ်နေပါတယ်။ တပ်မတော်ရဲ့ လွှမ်းမိုးမှုကို အခိုင်အမာတည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပါတီစုံ ဒီမိုကရေစီစနစ်ဟာ အနံ့လောက်ပဲ ရှိပြီး အနှစ်အသား ကင်းမဲ့သွားပါတယ်။ ဒါဟာ ဒီမိုကရေစီကို အားပျော့ လျော့ရဲစေသောလုပ်ရပ် ၊ ယခင်ချုပ်ကိုင်မှုကို အသွင်သဏ္ဍာန် တစ်မျိုးပြောင်းပြီး ဆက်လက် သက်တမ်းတိုးသော လုပ်ရပ်တစ်ခု သာလျှင် ဖြစ်ပါ တယ်။ ၂၂ နှစ်တာကာလလုံးလုံး ဥပဒေကဲ့သို့ အာဏာတည်စေ သော အမိန့်များနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ဥပဒေတွင် တရားဝင်ထည့်၍ အာဏာ တည်စေသော စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍာန်တစ်မျိုး ပြောင်းလဲ တည်ဆောက်ခြင်းသာ ဖြစ်ပါတယ် ´´
ထင် လင်း ဦး