Tuesday, May 7, 2013

လားရှိုးမြို့ရှိ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ၈၈မျိုးဆက်တို့ တွေ့ဆုံ


ယနေ့ မေလ ၆ ရက်၊ မွန်းလွဲ ၂း ၀၀ နာရီက တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအောင်းကျောင်း
သား လူငယ်များအဖွဲ့သည် လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် လာရောက်တွေ့ဆုံပြီး ၎င်းတို့ လက်ရှိ လုပ်ကိုင်လျက်ရှိသော လုပ်ဆောင်ချက်များကိုရှင်းလင်း ပြောကြားခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ လုပ်ဆောင်ချက်များ စွမ်းရည်မြှင့်တင်ရေးနှင့်အတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဒေသတွင်း စိုက်ပျိုးနည်းပညာမြှင့်တင်ရေး၊ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားလူငယ်များအဖွဲ့သည် လာမည့်ကာလများ၌ ၈၈မျိုးဆက်တို့နှင့်အတူ လက်တွဲဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို မွန်းလွဲ ၃း ၃၀ နာရီအထိ ဆွေးနွေးခဲ့ကြသည်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယနေ့ညနေ ၄း ၀၀ နာရီတွင်လည်း                 လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂) ရှိ မောချယ်ရီ ပညာရေးအထောက်အကူပြုကွန်ယက်ရုံးသို့ သွားရောက်၍ မောချယ်ရီ ပညာရေးကွန်ယက်အဖွဲ့နှင့် ဒေသဆိုင်ရာ ပညာရေးကိစ္စရပ်များကို   ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် တိုင်းရင်းသားဒေသများ၌ လိုအပ်ချက်ကြီးမားလျက်    ရှိသော ပညာရေးအတွက် အားဖြည့်ဆောင်ရွက်မှု၊ တိုင်းရင်းသားလူမျိုးစုများ၏ ဆုံချက်ကို လုပ်ငန်းဖော်ဆောင်မှုဖြင့် အားဖြည့်ပေးရေးတို့ကို တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။