skip to main |
skip to sidebar
၂၀၁၃-၂-၉
ပဲခူးတိုင်း ပြည်မြို့သို့ရောက်ရှိနေကြသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများ
သည် ယနေ့ဖေဖော်ဝါရီလ၊(၈)ရက် နံနက်(၈း၃၀)နာရီတွင် ပြည်မြို့မှထွက်ခွာလာခဲ့ရာ နံနက်(၁၀း၃၅) နာရီ၌ ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ကြပြီး မွန်းတည့်(၁၂း၀၀)နာရီတွင် ဇီးကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းကြီးလမ်းနှင့်ကန်ကြီးလမ်းထောင့် ကွင်းပြင်၌ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ဟောပြောပွဲကိုတက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုမာကီက ဒေသခံပြည်သူများအား ခရီးစဉ်တွင်လိုက်ပါလာသော ၈၈မျိုးဆက်ကျောင်းသားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ၄င်းနောက် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်နှင့်ကိုကိုကြီးတို့က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံပြည်သူများ၏သိရှိလိုသည့် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင့် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲဆိုင်ရာများကို မင်းကိုနိုင်နှင့်ကိုကိုကြီးတို့က ရှင်းလင်းဖြေကြားခဲ့ကြသည်။ ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားများသည် ကြို့ပင်ကောက်မြို့သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းခရီးစဉ်အဖြစ် ထွက်ခွာခဲ့ကြသည်။