Thursday, June 14, 2012

ရမည်းသင်းခရိုင် လူထုချီတက် ဆန္ဒပြပွဲ နောက်ဆုံးရသတင်း

ယနေ့ မိုးထိမိုးမိ ရွှေတွင်းဒေသမှ ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသော လူများကို ၎င်းတို့ယာယီ တစ်ထောက်နားရာဖြစ်သော ရမည်းသင်းမြို့နှင့် ၅ မိုင်သာဝေးကွာသော ရွှေမြင်တင်တောင် ရွှေမြင်တင် ဘုရား၏ ထွက်ပေါက်မှန်သမျှကို လက်နက်ကိုင်ဆောင်ထားသော ရဲအယောက် ၄၀ ကျော်နှင့် လုံထိန်းများ က ပိတ်ဆို့ထားကာ ဘုရားအဝင်အထွက်အား လုံးဝခွင့်မပြုတော့ပေ ။ လက်နက်ကိုင်ဆောင်ထားသော လုံခြုံရေး ရဲများလည်း တစ်ဖြည်းဖြည်းများလာပါသည်။ထို့ကြောင့်ဘုရားပေါ်တွင် ချီတက်လမ်းလျှောက် ကာဆန္ဒပြသူများမှာ ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေ ။ ယနေ့တွင် မန္တလေး တိုင်း သတ္ထုတွင်းဝန်ကြီးကိုယ်တိုင်ဆင်းလာကာ လာရောက်ဖြေရှင်းခဲ့သော်လည်းတိကျသော အာမခံ ချက်ပေးသော အဖြေထွက်မပေါ်လာခဲ့ပေ။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ရောက်လာမှ တောင်းဆိုချက် များကို ချပေးမည်ပြောသော်လည်း ၎င်း ဦးစိုးထွန်းရှိန်မှာရောက်မလာခဲ့ပေ။ ဦးစိုးထွန်းရှိန်မှာ ညနေသုံးနာရီ တွင် ရောက်လာမည်ဟုပြောသော်လည်း ည ၉နာရီ ( ယခုထိ ) တိုင်အောင် ရောက်လာခြင်းမရှိပါ။ ယခုချီတက်လမ်းလျှောက်ဆန္ဒပြသူများသည် ၎င်း တို့တောင်းဆိုချက်ကို မလိုက်လျှောပါက နေပြည်တော်ထိ ဆက်လက်ချီတက် ဆန္ဒပြမည်ဖြစ်သည်။ ၎င်းတို့မူလ မိုးထိမိုးမိတောင်ပေါ်နေရာမှ ယခု ရွှေမြင်တင်တောင် အကွာအဝေးမှာ မိုင်သုံးဆယ်ကွာဝေးပြီး ရမည်းသင်းနှင့် ရွှေမြင်တင်တောင်မှာ ငါးမိုင် ကွာဝေးပါသည်။ ထို့ကြောင့် ချီတက်လမ်းလျှောက် ဆန္ဒပြသူများမှာ မိုင်သုံးဆယ်လမ်းလျှောက်ပြီး အာဏာပိုင်အဖွဲ့အစည်း များ၏ တားဆီးပိတ်ဆို့မှုကြောင့် ၎င်း တို့ဆုံးရှုံးနစ်နာနေသော အခွင့်ရေးများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသ ခွင့်မရသည့်အပြင် ၎င်း တို့အတွက် ဆေးဝါး အစားအစာများ သောက်သုံးရေများကိုလည်း လိုအပ်လျှက် ရှိနေပါသည်။ ယခုဆန္ဒပြသူဦးရေမှာ သုံးထောင်နီးပါးခန့်ရှိပါသည်။အလုပ်သမားများသည် အကြမ်းမဖက်ဘူး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမည်ဟုတောင်းဆိုသော်လည်း မရရှိပေ။ ထိုချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်လှုပ်ရှားနေသူများမှာ ဦးသက်လွင် ဒေါ်မြင့်မြင့်အေး ( မိတ္ထီလာမြို့  ပြည်သူ့ အကျိုးဆောင်ကွန်ယက်)၊ဆရာကျောင်း ၊ မောင်မောင်လတ် ( ၈၈ ကျောင်းသားဟောင်း) နှင့်အခြားသောအလုပ်သမားလှုပ်ရှားမှုများတွင် ဝင်ရောက်ဆောင်ရွက်နေကြသော ဒီမိုကရေစီအင်အားစု များစွာလည်းပါဝင်ပါသည်။ ထို့ကြောင့် လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ဝင်ရောက်တောင်းဆိုနေကြသော အလုပ်သမားထုကြီး အတွက် အစားအစာ ၊ ဆေးဝါး ၊ သောက်သုံးရေများ ဝင်ရောက်ပါဝင်အားဖြည့်ပေးလိုပါက အောက်ပါဖုန်း နံပါတ်များသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။