ဂျာတော့(ပ်)-(မြစ်မခ)
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ရိုးရာယဉ်ကျေးမှုများ လွှတ်တော် ကိုယ်စားလှယ်များက သွားရောက်လေ့လာခဲ့ရာတွင် တိုင်းရင်းသားအများစုမှာ ဖက်ဒရယ်မူဝါဒအား တောင်းဆို ခဲ့ကြကြောင်း လွှတ်တော် ကိုယ်စား လှယ်များထံက သိရသည်။
“ဖက်ဒရယ်မူနဲ့ မသွားရင် မြန်မာပြည်မှာ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး။ ပြည်နယ်အသီးသီးက ကိုယ်ပိုင်အခွင့် အရေး ပြဋ္ဌာန်း ခွင့်မရှိဘူး။ တိုင်းနှင့်ပြည်နယ်က အခွင့်အရေးကမတူဘူး။ အဲ့တာ
ကြောင့် ဖယ်ဒရယ်ရှိရမယ်။” ဟုချင်းတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ပူးနိုထန်ကပ်က မေလ (၂၈) ရက်နေ့ မှုံရွာမြို့တွင် ပြောဆိုတင်ပြ ဆွေးနွေးခဲ့ ကြောင်း ၄င်းကပြောသည်။
ဆက်လက်၍ ဒီမိုကရေစီနည်းဖြင့် တိုင်းရင်းသားအရေးမျာအား ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း အခြေခံဥပဒေ တွင်သာ တိုင်းရင်းသား အရေးအား တိကျစွာပြဋ္ဌာန်းထားရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းချက်ရှိမှ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိ မည်ဖြစ်ကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့သည်။
“တိုင်းဒေသကြီးနှင့် ပြည်နယ် အခွင့်အရေးက မတူဘူး။ ပြည်နယ်အစိုးရတွေက ဘာလုပ်ပိုင်ခွင့် မရှိဘူး။ ဘာလုပ်နိုင်လဲ၊ စည်ပင် ကိစ္စလောက်ပဲ ရှိတယ်။ ပညာရေးဆိုလည်း ပြည်ထောင်စုကပဲ လုပ်မလား၊ ပြည်နယ် အစိုးရပဲ လုပ်မလား မကွဲပြားဘူးဖြစ်နေတယ်။” ဟု ပူးနိုထန်ကပ်က မြစ်မခမီဒီယာသို့ ဆက်ပြောသည်။
’ဖက်ဒရယ်လို့ပြောရင် မြန်မာအစိုးရကတော့ ပြောမှာပဲ သူ့လွှတ်တော်နဲ့ သူထားပြီပဲလို့ပြောမှာပဲ။ ဒါပေမယ့် ဖြစ်ပြီလား။ မဖြစ်သေးဘူး။ တရားလွှတ်တော်၊ တရားစီရင်ရေးက ဘယ်သူကိုင်ထားလဲ။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဘယ်သူကိုင်ထားတုန်း။ ပြည်ထောင်စုက အုပ်ချုပ်နေတယ်။
ဥပဒေ ပြုရေးလည်း ပြည်ထောင်စုက ပြုထားတယ်။ ကရင်၊ ကချင်၊ ရှမ်း ပြောလိုက်ရင် ဖက်ဒရယ်ပဲ၊ သူတို့ပြောတဲ့ ဖက်ဒရယ်က ငါတို့ပြည်နယ်မှာ ငါတို့ကိုယ်တိုင် အုပ်ချုပ်မယ်။ တကယ့်စစ်မှန်တဲ့ ဖက်ဒ ရယ် ရအောင် အများကြီး ကြိုးစားရမယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ရွေးကောက်ပွဲဝင် ၀ါရင့်နိုင်ငံ ရေးသမားတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်မှ တိုင်းရင်းသားရေးရာကော်မတီအဖွဲ့နှင့် ကော်မ ရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည် နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားရေးရာ ကိစ္စများအား မေလ (၂၂) ရက်မှ ဇွန်လ (၁ )ရက်နေ့အကြား သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အသီးသီးတွင် ဖယ်ဒရယ်မူဝါဒ လိုအပ်နေကြောင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေး အဖွဲ့ အတွင်းရေး မှူး ဒေါ်ဒွဲဘူက ဆိုသည်။
“မြန်မာပြည်မှာက ဖယ်ဒရယ်ဆိုတာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ အတုဖြစ်နေတယ်လေ။ အဆင့်အတန်းတူ မဖြစ်နေဘူးလေ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်နေရာ၊ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသထွက် သံယံဇာတ၊ လိုက်ပြီးကိုယ့် ဟာကိုယ် ဥပဒေပြုခွင့်ရှိရမယ်။” ဟု ဒေါ်ဒွဲဘူက ပြောသည်။
တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအား လေ့လာပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ပြန် လည် တင်ပြတောင်းဆိုသွား မည်ဖြစ်ကာ အခြေခံဥပဒေပါတိုင်းရင်းသားအရေးကိစ္စများအား ပြန်လည်ပြင်ဆင်ရေး သား သွားမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ဆက်ပြောသည်။
ကချင်ပြည်နယ်တွင်မူ အခွန်ကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်နယ်နှင့်ကိုက်ညီသော ဥပဒေပြုခွင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။
“ခုက ပြည်ထောင်စုမှာပဲ လုပ်ပိုင်ခွင့်တွေက သူတို့ဆီမှာပဲလေ အကုန်ပုံနေတယ်။ ဒီတိုင်းရင်းသား စာပေ၊ယဉ်ကျေးမှု အကုန်ပေါ့။ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကလည်း လုပ်ပိုင်ခွင့် ပြန်ခွဲဝေပေးရမယ်။ တိုင်းရင်း သားအရေးကို တိုင်းရင်းသား လက်ထဲအပ်ရမယ်။” ဟု ဆက်လက်ပြီး ဒေါ်ဒွဲဘူက ဆက်ပြောသည်။