Friday, March 9, 2012

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံသို့ Online Letter Campaign မှ အိတ်ဖွင့်ပေးစာ


သို့
ဦးတင်အေး
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ
မြန်မာနိုင်ငံ
နေ့စွဲ - ၉ ရက် မတ်လ ၂ဝ၁၂ ခုနှစ်

၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌  မဲဆန္ဒပြုနိုင်သူတို့၏
စာရင်းကို ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်တို့က လွန်ခဲ့သည့်တပါတ် (၁-၃-၂ဝ၁၂) နေ့က ထုတ်ပြန်သည့်အခါ -

 (၁) စာရင်း မှန်/မမှန် ကြည့်ရှုရမည့်အချိန်ကို တပါတ်တည်းသာ ခွင့်ပြုထားသဖြင့် အချိန်မလောက်မငှ ဖြစ်ရခြင်း ၊

(၂) အကယ်၍ စာရင်းတွင် မပါရှိခြင်းနှင့် နာမည်-မှတ်ပုံတင်နံပါတ်-နေရပ်လိပ်စာ လွဲချော်နေမှုများကို ပြင်ဆင်၊ ဖြည့်စွက်၊ နှုတ်ပယ်ခြင်းအတွက် တပါတ်အတွင်း အချိန် မလုံမလောက် ဖြစ်ရခြင်း ၊

(၃) အဆိုပါ တပါတ်အတွင်းမှာပင် စနေနှင့် တနင်္ဂနွေ ပိတ်ရက်များတွင် ကြည့်ရှုစစ်ဆေးခွင့် မရခြင်း ၊

(၄) စတင် နှိုးဆော်ရက်ထက် နောက်ကျပြီးမှ လူထုသိအောင် နှိုးဆော်ခြင်း ၊

အစရှိသော လုပ်နည်းလုပ်ဟန် မမှန်ကန်မှုများကြောင့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးနိုင်သည့် စာရင်း
နှင့် ပတ်သက်၍ မဲပေးနိုင်ခွင့်များ မလိုလားအပ်ဘဲ ဆုံးရှုံးနေရပြီ ဖြစ်ပါသည်။

ထို့ပြင် မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများ ဖြစ်သော

(၁) စာရင်းမှားများကို ဖော်ပြထားခြင်း ၊ (ဥပမာ- မှတ်ပုံတင် နံပါတ် တခုတည်းဖြင့် လူ ၂၆ ဦး ဖြစ်နေခြင်းမျိုး)

(၂) ရပ်ကွက်အတွင်း ရက်ပေါင်း (၁၈ဝ) နေထိုင်ပြီးသော်လည်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်း၌ မပါ    ဝင်ခြင်း ၊

(၃) မဲပေးပိုင်ခွင့်ရှိသော အသက် (၁၈) နှစ် မပြည့်သေးသော်လည်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်း၌ ပါဝင်နေခြင်း ၊

(၄) ရပ်ကွက်အတွင်းမှ အပြီးအပိုင် ပြောင်းရွှေ့သွားသော်လည်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်း၌ ပါဝင်နေဆဲ ဖြစ်ခြင်း ၊

(၅) ကွယ်လွန်ပြီးသူတို့၏ နာမည်များမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်း၌ ပါဝင်နေခြင်း ၊

(၆) မဲပေးပိုင်ခွင့်မရှိသော စိတ်ဝေဒနာ ခံစားရသူများ၏ အမည်များမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်း၌ ပါဝင်နေခြင်း ၊

စသည်တို့မှာလည်း မမှန်ကန်သော မဲစာရင်း အနိုင်အရှုံးအပေါ် အကျိုးသက်ရောက်စေနိုင်သဖြင့် မလိုလားအပ်သည့် တိုင်းပြည်ကံကြမ္မာ ဖန်တီးမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန်   ကန့်သတ်ချက် ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ၇-၃-၂ဝ၁၂ နေ့က ပြောဆိုခဲ့ရာ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်တို့၏ လုပ်နည်းလုပ်ဟန် မမှန်ကန်မှုများကြောင့် မဲပေးခွင့်များ ဆုံးရှုံးနိုင်သည့်အပေါ် မည်သို့မျှ မတတ်နိုင်တော့သယောင်ယောင် ဖြစ်လျက်ရှိနေပါသည်။

မဲပေးနိုင်ခွင့် ဆုံးရှုံးခြင်းမှာ ၂ဝဝ၈ အခြေခံဥပဒေ အခန်း(၈) ပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများ        ကို ထိခိုက် ဆုံးရှုံးစေခြင်းလည်း ဖြစ်ပါသည်။ ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲ၏ လွတ်လပ်ပြီး သမာသမတ်ရှိသော ဂုဏ်သိက္ခာကို ညိုးနွမ်းစေရုံမက မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီ ဖြစ်ထွန်းမှုကိုလည်း ထိခိုက်စေပါသည်။

သို့ဖြစ်ပါ၍ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်တို့၏ မလိုလားအပ်သော လုပ်နည်းလုပ်ဟန် မှားယွင်းမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို ပြန်လည် ပြင်ဆင် ဖြည့်ဆည်းနိုင်ရေးအတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါရန် အများပြည်သူတို့ကိုယ်စား တိုက်တွန်း နှိုးဆော်အပ်ပါသည်။

လေးစားစွာဖြင့်
Online Letter Campaign အဖွဲ့ဝင်များ
Facebook