skip to main |
skip to sidebar

၅-၃-၂၀၁၂ အခုတစ်လော
ဒီမိုကရေစီ ဒီမိုကရေစီပြောနေပြီးတော့ ဘာအဓိပ္ပါယ်လဲဆိုတာ နားမလည်ဘူးလို့
ပြောတဲ့လူရှိပါတယ်။ နားမလည်တဲ့သူတွေကို ရှင်းပြရမယ့်တာဝန်ဟာ
နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပါပဲ။ ဒီမိုကရေစီဆိုတာ
ရိုးရိုးရှင်းရှင်းပြောရရင် အဓိပ္ပါယ်က ပြည်သူ့အင်အား ပြည်သူ့ အာဏာပါ။
အများပြည်သူရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ အစိုးရစနစ်။ နောက်တစ်ခုပြောရမယ်ဆိုရင်
အစိုးရက ပြည်သူကို ထိန်းချုပ်တာ နှိပ်ကွပ်တာမဟုတ်ဘဲ ပြည်သူက အစိုးရကို
ထိန်းချုပ်တဲ့ စနစ်ပဲဖြစ်ပါတယ်။
အစိုးရဟာ ပြည်သူရဲ့အလိုကျ လုပ်ရတယ်။ ပြည်သူအလိုကျမလုပ်ဘူးဆိုရင်
နောက်ရွေးကောက်ပွဲကနေတဆင့် ပြည်သူကအစိုးရကို အလုပ်ကနေထုတ်လိုက်လို့ရတယ်။
ရိုးရိုးပြောရရင် ဒါပါပဲ။ ပြည်သူမဲပေးမှ အစိုးရဖြစ်နိုင်တယ်။ အဲဒီတော့
ပြည်သူတွေအနေနဲ့ အစိုးရကို မဲပေးပြီးစောင့်ကြည့်ပေါ့။ မဲပေးလိုက်တယ်၊
မဲပေးလို့တက် လာတဲ့ အစိုးရအနေနဲ့ ပြည်သူတွေကိုဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာ
လေ့လာ တာဖြစ်ပါတယ်။ မဲလိုချင်တုန်းကတော့ အမျိုးမျိုးပဲ ကတိပေးကြတာပေါ့။
ဟိုဟာလုပ်ပေးပါ့မယ်။ ဒီဟာလုပ်ပေးပါမယ်။ ဒေသဖွံ့ဖြိုးရေးအတွက်
လုပ်ပေးပါမယ်ဆိုပြီး အမျိုးမျိုးပဲ ကတိတွေပေးကြတာ ပေါ့။
တကယ်အစိုးရဖြစ်သွားတော့ ပေးထားတဲ့ကတိတွေ ဘယ်လောက်တည်သလဲဆိုတာ
လုပ်ကြည့်မှသိကြ တာပေါ့။
လွတ်လပ်ရေးရတာ
အနှစ် ၆၀ ကျော်ပြီ။ ဒီနှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်မတို့နိုင်ငံဟာ
အရှေ့တောင် အာရှမှာ ထိပ်တန်းနိုင်ငံ အဆင့်ကနေ အောက်ဆုံးအဆင့်ကို
ရောက်သွားခဲ့တယ်။ အဲဒီလိုရောက်သွားခဲ့ တာ ဘာဖြစ်လို့လဲဆိုတော့
အုပ်ချုပ်မှုစနစ်မမှန်လို့ လို့ပဲပြောရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊
ဒီပြည်သူတွေ ဟာ ဒီပြည်သူတွေပဲ။ နိုင်ငံကလည်း မပြောင်းသွားဘူး။ ပြည်သူတွေလည်း
မပြောင်းသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ တိုတိုပြောရမယ်ဆိုရင်
ဒီမိုကရေစီအုပ်ချုပ်မှုစနစ်က ချုပ်ငြိမ်းသွားတယ်။ ဒီမိုကရေစီအစား
အာဏာရှင်စနစ်တက်လာတယ်။ အဲ့ဒီအာဏာရှင်စနစ်ရဲ့အောက် မှာ
ကျွန်မတို့နိုင်ငံဟာချွတ်ခြုံကျတော့တာပဲ။ အရင်တုန်းက ကျွန်မတို့ကို လုံးဝမမှီနိုင်တဲ့နိုင်ငံတွေက၊ ကျွန်မတို့ကို စံနမူနာအဖြစ်ထားရတဲ့နိုင်ငံတွေက ရှေ့တန်းရောက်သွားတယ်။ အခု စင်္ကာပူဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့မြင်ကြ တယ်။ မြန်မာလူမျိုးတော်တော်များများဟာ
ပညာတတ်လို့ရှိရင် စင်္ကာပူသွားပြီး အလုပ်လုပ်ချင်ကြတယ်။
တော်ရုံတန်ရုံပညာတတ်ရုံနဲ့လည်း ဟိုကလက်မခံဘူး။ စင်္ကာပူဆိုတာ
ကျွန်မတို့နောက်မှ လွတ်လပ်ရေးရတာ။ သူတို့လွတ်လပ်ရေးရစဉ်က
ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို
မီစေရမယ်ဆိုတဲ့ကြုံးဝါးသံနဲ့တက်လာတာ။
အခု ကျွန်မတို့အနေနဲ့ အနှစ် ၂၀ အတွင်း စင်္ကာပူကို မီစေရမယ်ဆိုတဲ့ ကတိတောင်
ပေးရဲရဲ့လားစဉ်းစားနေရတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားရမှာပဲ။
ဒီလိုအောင်မြင်မှုတွေရဖို့ဆိုတာလူတွေ ညီညွတ်ဖို့လိုတယ်။ လူတွေစဉ်းစဉ်းစားစားလုပ်ဖို့လိုတယ်။
တဒင်္ဂအတွက်ပဲ စဉ်းစားလို့မရဘူး။ အတိတ်ကနေပြီတော့ ရုန်းထွက်ဖို့လိုတယ်။
ပစ္စုပ္ပန်ကနေ အနာ ဂါတ် ကို မျက်နှာမူပြီးတော့ လိုချင်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်ရှိတယ်။
မြန်မာနိုင်ငံဟာ
သယံဇာတပေါကြွယ်မှုကြောင့် အဓိကအားဖြင့် ပြောရမယ်ဆိုရင် သဘာဝဓာတ်ငွေ့ တွေ
ထွက်တယ်။ ရေနံထွက်တယ်။ အဲဒီက၀င်တဲ့ဝင်ငွေအများကြီးဟာ
ပြည်သူတွေကောင်းကျိုးအတွက် မသုံးဘဲ တခြားကိစ္စတွေအတွက် သုံးလိုက်လို့
ကျွန်မတို့နိုင်ငံဆင်းရဲနေတာလို့
ပြောရလိမ့်မယ်။ ဒီတော့ လွှတ်တော်အတွင်းမှာ ဘာလုပ်နိုင်လဲဆိုတာပြောရရင်
ဒီလိုကိစ္စတွေကို မေးခွန်းထုတ်နိုင်တယ်။ ဒီသဘာဝဓာတ်ငွေ့တွေက၊
သဘာဝသယံဇာတပစ္စည်းတွေက ဘာတွေ ဘယ်လောက် ၀င်ငွေရှိသလဲ။
ဒီဝင်ငွေတွေကို ဘာအတွက် သုံးခဲ့သလဲ။ ဒီလိုသုံးခြင်းအားဖြင့် ပြည်သူတွေကို
ဘယ်လိုအကျိုးပြုသလဲ။ ဒီလိုမေး ခွန်းတွေ မေးပိုင်ခွင့်ရှိတယ်။
အစိုးရဆိုတာလည်း ဖြေရမယ်။ အစိုးရအနေနဲ့ ဒါကို ကျေနပ်လောက်အောင်
မဖြေနိုင်ဘူးဆိုရင် ပြည်သူလူထုကသိပြီပေါ့။ ဒီအစိုးရအနေနဲ့
ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင်နိုင်မယ့်
အစိုးရ ဟုတ်မဟုတ်ဆိုတာ သိပြီပေါ့။ ဒါကြောင့် အဲဒီလိုနည်းတွေနဲ့
ပြည်သူလူထုဟာ အစိုးရကို ထိန်းချုပ်ထားတယ်။ အစိုးရအနေနဲ့
မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ပြည်သူ့ရဲ့အကျိုးအတွက်ဘယ်လောက်လုပ်နိုင်သလဲဆိုတာပေါ်လာလိမ့်မယ်။ နည်းနည်းလေးပဲလုပ်နိုင်တယ်ဆိုရင်တော့
နောင်ရွေးကောက်ပွဲမှာ ဒီအစိုးရနဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေကို
မဲထပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲလို မဲထပ်ပေးမယ်ဆိုရင်လည်း
ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ
ချမ်းသာပါလျက်နဲ့ သဘာဝသယံဇာတပစ္စည်းကျိန်စာသင့်နေတယ် ပြောရမှာပဲ။ ဘာလို့ကျိန်စာသင့်နေလဲလို့ပြောရလဲဆိုတော့
ပညာရှင်တွေက သုံးသပ်တယ်။ ကိုယ်မရှာဘဲရတဲ့ ၀င်ငွေကို အားကိုးတဲ့အစိုးရဟာ
ပြည်သူတွေကို ဂရုမစိုက်ဘူးတဲ့။ အခုစင်္ကာပူနိုင်ငံဟာ
ကျွန်းနိုင်ငံသေးသေးလေးပဲ။ ဘာသယံဇာတပစ္စည်းမှလည်းမရှိဘူး။ ကံကောင်းတာက
စင်္ကာပူမှာ ပထမဦးဆုံး တက်လာတဲ့ခေါင်းဆောင်တွေဟာ ပညာရှိတွေဖြစ်တယ်။
ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ပြည်သူက သယံဇာတပဲဆိုတာ သူတို့သိတယ်။
ဒီတော့ ပြည်သူတွေကို အလေးထားရမယ်။ ပြည်သူတွေရဲ့အရည်အချင်းတွေ
တက်လာအောင်လုပ်ရမယ်။ ပြည်သူတွေကိုအားကိုးမှ သူတို့နိုင်ငံတိုးတက်လာမယ်ဆိုတာ
နိုင်ငံခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒီဟာကိုအလေးထားပြီး လုပ်သွားတာ။
ပြည်သူတွေရဲ့စွမ်းအား၊ ပြည်သူတွေရဲ့အင်အားကို အခြေခံပြီးလုပ်သွားတဲ့အတွက်
တိုးတက်သွားတာဖြစ်ပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်မတို့နိုင်ငံမှာတော့
ပြည်သူတွေကို အားကိုးဖို့မလိုဘူးလေ။ သဘာဝဓာတ်ငွေ့ကို အားကိုးနေတာကိုး။
ဒီတော့ပြည်သူတွေက တန်ဖိုးကျသွားတာပေါ့။ သဘာဝဓာတ်ငွေ့တို့ဘာတို့ဆိုတာ
တစ်ချိန်ချိန်မှာကုန်သွားမှာပါ။
ကျွန်မတို့နိုင်ငံမှာအဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြင့်တင်နိုင်ဖို့ ကျန်းမာရေးနဲ့ပညာရေး ဘက်မှာထိထိရောက်ရောက်အပြောင်းအလဲတွေလုပ်ရမယ်။
အနှစ် ၂၀ ကျော်အတွင်းမှာ လုပ်လာ တဲ့ ကျန်းမာရေး၊ ပညာရေး
စောင့်ရှောက်မှုတွေဟာ ပြည်သူလူထုတွေရဲ့အဆင့်အတန်းကို နိမ့်လာစေတယ်။
ကလေးတွေတော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိဖြစ်နေ ကြတယ်။
ဒါကြောင့် ပညာရေးစနစ်မှာ အသက်မွေးဝမ်းကျောင်းပညာဆိုတာ ပါလာရမယ်။
အသက်မွေးဝမ်းကျောင်းပညာတွေ
အများကြီးသင်ပေးရမယ်။ ပညာသင်ပေးတယ်ဆိုတာ လောက ကြီးမှာ လူပီပီ
ရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ
လူပီပီမရပ်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့လူငယ်တွေ
အများကြီးပဲ။ ကျွန်မတို့လုပ်စရာတွေက တော့ အများကြီးပါ။ အနှစ် ၂၀ ကျော်
အများကြီး ရုန်းကန်ခဲ့တာ ဒီအလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအလုပ်တွေဟာ
ကျွန်မတို့အတွက် မဟုတ်ပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်) Eleven Media Group