မတ် ၁၂-၂၀၁၂
သတင်း---တောပျော်။
မဲဆောက်မြို့တွင်မြန်မာနိုင်ငံမြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ်အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက်ပြေးဆွဲနေသဖြင့် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒုပြအရေးဆိုမှုများပြုလုပ်တော့မည်ဟု မဲဆောက် မြ၀တီကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်း များက ပြောသည်။ ထိုင်းယာဉ်မောင်းတဦးဖြစ်သည့်နိုင်စုံချိုင်းက “ကျနော်တို့ယာဉ်လိုင်းကအစီးရေ ၆၀ နီးပါးရှိတယ်၊ကားတစီးတနေ့သုံးလေးခေါက်ရဖို့မလွယ်ဘူးဒီအနေအထားနဲ့ရေရှည်ရပ်တည်ဖို့ခက်တယ်၊ မဲဆောက်ကိုလာတဲ့ မြန်မာခရီးသည် တင်ကားက တနေ့ကိုအစီးရေ ၁၀၀ အထကမှာရှိတယ် မြန်မာ
ကားတွေစနစ်တကျပြေးဆွဲဘို့ ထိုင်းတာဝန်ရှိသူတွေ ကိုတင်ပြထားတာရှိပေမဲ့ ဒီနေ့အထိအဆင်ပြေ
အောင်စီစဉ်ပေးတာမရှိသေးဘူး၊ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်ကမြန်မာကားတွေကို ဆန္ဒုပြဘို့အစီစဉ်ကိုလုပ်ရတော့မယ်”ဟု ပြောသည်။ ထိုင်းယာဉ်မောင်းများ၏အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲမဲဆောက် မြို့တွင်းမြို့ပြင်ရှိ လူနေ ရပ်ကွက်များနှင့်အလုပ်ရုံစက်ရုံများသို့
ခရီးသည်များလိုက်လံပို့ဆောင်ခေါ်ယူခြင်းများကြောင့် သတ်မှတ်လမ်းကြောအတိုင်းသာပြေးဆွဲနေရ
သော ထိုင်းယာဉ် လိုင်းများမှာ ခရီးသည်များမရရှိကြကြောင်း မြန်မာကားဂိတ်ကို မဲဆောက်တွင် ထိုင်းအာဏာပိုင်များက သီးသန့်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့်ပြေးဆွဲမှုကို စီစဉ် ဆောင်ရွက်ပေးသင့် သည်ဟုလည်း ၎င်းကဖြည့်စွက်ပြောကြားသည်။လက်ရှိမဲဆောက်-မြ၀တီကမ်းနားသို့ပြေးဆွဲနေသည့် ထိုင်းခရီးသည်တင်ကားမှာ အစီးရေ ၆၀ ခန့်ရှိပြီး မြန်မာနိုင်ငံမြ၀တီနှင့် မဲဆောက်သို့နေ့စဉ်ပြေးဆွဲ
နေသည့် မြန်မာခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ကားငယ်များမှာအစီးရေ ၁၀၀ ကျော်
ခန့် ရှိသည်ဟုသိရသည်။
မြ၀တီ-မဲဆောက်လမ်းကြောတွင် ယခင်လဆန်းကစ၍ မြ၀တီရှိ ရွှေမြန်မာခရီးသည်တင်ယာဉ်လိုင်းမှ အစီးရေ ၉၀ ခန့်နှင့် ယခုလ ၃ရက်နေ့က စတင်ပြေးဆွဲသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ကလို့ထူးဘောအဖွဲ့မှယာဉ်အစီးရေ ၄၀ နှင့် မြ၀တီအခြေစိုက် အစိုးရဌာနဆိုင်ရာများမှနားလည်မှုဖြင့် ပြေးဆွဲခွင့်ပြုထားသည့် တရားမ၀င် ကုန်တင်ကား
ငယ်များ ၁၀ စီးကျော်အပါအ၀င် နေ့စဉ်မြန်မာကားအစီးရေ ၁၀၀ ကျော် ပြေးဆွဲလျှက်ရှိသည်။
မြ၀တီ-မဲဆောက်ပြေးဆွဲသည့် DKBA ကလို့ထူးဘောမော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက လက်ရှိမြန်မာယာဉ်လိုင်းများအပြင် အခြားကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှလည်း မဲဆောက် -မြ၀တီ ယာဉ်လိုင်းကို မကြာမီ ပြေးဆွဲရန်စီစဉ်နေသည်ဟုပြောသည်။မြန်မာခရီးသည်တင်ကားအစီးရေ ၁၀၀ ကျော်သည် မြ၀တီမှ မဲဆောက်သို့ခရီးသည်တဦးလျှင် ထိုင်း ဘတ်ငွေ ၅၀ နှုန်းဖြင့်
ခရီးသည် ၂၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင်ပေးလျှက်ရှိပြီး အပြန်ခရီးတွင်လည်း ခရီးသည် ၁၀၀၀ နီးပါးခန့်ရရှိသည်ဟု မြန်မာယာဉ်လိုင်းတာဝန်ရှိသူတဦးက ပြောသည်။
ထိုင်းယာဉ်မောင်းတဦးက”ထိုင်းအာဏာပိုင်တွေဘက်က ကိုယ့်လူမျိုးတွေဘက်ကမရပ်တည်ဘူး
ဆိုရင်တော့ ပြဿနာတွေကပိုပြီးရှုတ်ထွေးလာနိုင်သည်။ အခုကိစ္စမှာလည်းထိုင်းဌာနဆိုင်ရာ
အချို့ရဲ့ မရိုးသားမှုနဲ့တာဝန်ပျက်ကွက်မှု တွေကြောင့် ဒီအနေအထားတွေဖြစ်နေတာ”ဟုဆိုသည်။ ထိုင်းဘက်ခြမ်းနယ်စပ်ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ပြေးဆွဲနေသည့် ထိုင်းခရီးသည် တင်ယာဉ်စီးခမှာ ခရီးသည်တဦးလျှင် ထိုင်းဘတ်ငွေ ၂၀ ဖြစ်သည်။ မြ၀တီမှမဲဆောက်သို့
နေ့စဉ် မြန်မာနိုင်ငံသားများ သောင်းဂဏန်းခန့် သွားရောက်ကြသည့်အနက် ချစ်ကြည်ရေးတံတား
မှတဆင့် တရားဝင်သွားရောက်သည့်အရေအတွက်မှာ ၂၀၀၀ ခန့်သာရှိပြီး ကျန်အရေတွက်
များမှာ ချစ်ကြည်ရေးတံတား၏ ဘေးဝဲယာရှိ လှေဂိတ်များမှတဆင့် တရားမ၀င် သွားရောက် ကြခြင်းဖြစ်သည်။လွန်ခဲ့သည့် ၂ နှစ်ကျော်က ထိုင်းခရီးသည်ယာဉ်လိုင်းက၊ မြန်မာမော်တော်ယာဉ်
များပြေးဆွဲမှုကို စနစ်တကျရှိစေရန် ဆန္ဒပြအရေးဆိုသည့်အနေဖြင့် ချစ်ကြည်ရေးတံတားထိုင်းဘက် ၀င်ပေါက်ကို ထိုင်းခရီးသည်တင်ကား အစီး ၆၀ ခန့်နှင့် ပိတ်ဆို့ခဲ့သဖြင့် နှစ်နိုင်ငံ ချစ်ကြည်
ရေးတင်းမာမှုများဖြစ်ဖြစ်ပွားခဲ့သည့်အပြင်၊ မြန်မာဘက်ကချစ်ကြည်ရေးတံတားကို ဖွင့်ချီပိတ်ချီ
ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးကိုထိခိုက်မှုများရှိခဲ့သည်ဟု နှစ်နိုင်ငံကုန်သည်ကြီးများ
အသင်းက ပြောသည်။
ဓာတ်ပုံ - ABMA