Friday, March 16, 2012

စီးပွားရေးပိတ်ဆို့မှုဆိုင်ရာဆွေးနွေးပွဲ တိုင်းရင်းသားအဖွဲ့များ တက်ရောက်


မတ်လ ၁၅၊ ၂၀၁၂၊ (YPI)

မြန်မာနိုင်ငံအပြောင်းအလဲ နှင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စရပ်များကို ဆက်စပ်စဉ်းစားသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ထိုင်းမြန်မာ နယ်စပ်တစ်နေရာတွင် လေးရက်ကြာ ကျင်းပခဲ့ကြောင်း
 ဆွေးနွေးပွဲ တက်ရောက်သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မတ်လ (၁၄)ရက်နေ့၌ ပြီးဆုံးခဲ့သည့် ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ ဥပဒေပညာရှင် သုံးဦးက ဦးဆောင်ဆွေးနွေးခဲ့ပြီး တန်းတူရေး တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား အဖွဲ့အစည်း (၁၀) ဖွဲ့ကျော်နှင့် ပြည်ပရောက်ဒီမိုကရေစီအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃၀) ခန့် တက်ရောက်ခဲ့ကြသည်။

“လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးတို့၊ နိုင်ငံရေးဆွေးနွေးပွဲတို့မှာ
တစ်ဆင့်ပြီး တစ်ဆင့် အာမခံချက် ရှိနိုင်အောင်နဲ့ စီးပွားရေးပိတ်ဆို့မှုကို ကိုင်ထားတဲ့သူတွေဘက်ကလည်း စဉ်းစားနိုင် အောင် အချက်အလက်ရှာပေးတဲ့သဘောပါ” ဟု ခွန်ဥက္ကာကပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုများ ရှိလာသော်လည်း လက်တွေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကလေးစစ်သား အသုံးပြုမှုများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ၊ အဓမ္မစေခိုင်းမှုများ စသည့် အချက်များ ရှိနေသေးသဖြင့် ယင်းအခြေအနေ တွင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် သင့်မသင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဦးခွန်ဥက္ကာက
 ပြောသည်။

“အခုဆိုရင် မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပြီ၊ ရွေ့နေပြီ ဆိုပြီးအကောက်လွဲပြီး တချို့ နိုင်ငံတွေ ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းတော့မယ့် လေသံထွက်နေတော့ တကယ်လက်တွေ့   မှာ ပြောင်းလဲမှု ဖြစ်မဖြစ်ဖော်ထုတ်ပြီး စစ်မှန်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ဖို့ အချက်အလက်ရှာတဲ့ သဘောပါ” ဟု သူကပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်ဥပဒေပညာရှင်များက ပြင်ဆင်လာသည့် စီးပွားရေးပိတ်ဆို့   မှုနှင့် သက်ဆိုင်သည့် မူကြမ်းတစ်ခုအပေါ် တိုင်းရင်းသားများက ဖြည့်စွက်ဆွေးနွေးပြင်ဆင်ကာ အချော သတ်ခဲ့ကြ သည်ဟုသိရသည်။      
“နိုင်ငံတကာ အင်အားစုတွေက မြန်မာပြည်ရဲ့ ကူးပြောင်းရေး စစ်မှန်အောင် နောက်ကြောင်း   ပြန်မလှည့်အောင် ၀ိုင်းဝန်းကြိုးစားကြတဲ့ သဘောလည်းဖြစ်တယ်” ဟု ခွန်ဥက္ကာက ပြောသည်။
ထို့အပြင် တိုင်းရင်းသားများနှင့်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးချိုးဖောက်မှု  ဆိုင်ရာ အချက်အလက်များကို နိုင်ငံတကာဥပဒေများနှင့် ချိန်ထိုးဆွေးနွေးနိုင်ရန် ဥပေဒေပညာရှင်  များနှင့် တိုင်းရင်းသားအဖွဲ့များအကြား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု ၄င်းကပြောသည်။
တိုင်းရင်းသားများအနေဖြင့် ယင်းအလုပ်ရုံဆွေးနွေးပွဲမှရရှိခဲ့သော နိုင်ငံတကာဥပဒေဆိုင်ရာ အချက်အလက်များ နှင့် အခွင့်အရေးများကို အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် အသုံးချသွား မည်ဖြစ်ပြီး ယင်းတောင်းဆိုမှုများကို အမေရိကန်အစိုးရ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ဂျပန်အစိုးရ     များထံ သက်သေအဖြစ် တင်ပြသွားမည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ဒုဥက္ကဋ္ဌ ဒေးဗစ်သာ   ကပေါ က လည်း “သူတို့ချပြတဲ့အချက်တွေမှာ ကောင်းတာတွေယူပြီး ကျွန်တော်တို့ လမ်းစဉ်နဲ့ မကိုက်တာတွေကိုလည်း ဖယ်သွားရမှာပေါ့” ဟု ပြောသည်။