Friday, March 9, 2012

ဆန္ဒပြ မြန်မာဆန်နီ စက်ရုံလုပ်သားတွေ တောင်းဆိုချက်များ ရရှိ

9-3-2012
လှိုင်သာယာစက်မှုဇုံ(၂)၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း မှာရှိတဲ့ ကိုရီးယားလူမျိုးပိုင် မြန်မာ ဆန်နီဖိနပ်စက်ရုံက အလုပ်သမား ၁၅၀၀ခန့်ဟာမတ်လ ၈ ရက်နေ့ နေ့လည်ထမင်းစားနားချိန်မှာ အလုပ်ခွင်သို့ ပြန်မဝင်ပဲ အလုပ်က ဆန္ဒပြထွက်ခွာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့မနက်မှာ သူတို့လိုလားချက်တွေကို တောင်းဆိုခဲ့ပြီး ဆက်လက်ဆန္ဒပြကြရာ မနက် ၉း၀၀နာရီမှာ မြို့နယ်အလုပ်သမား ကြီးကြပ်ရေးကော်မတီက လာရောက်ညှိနှိုင်းခဲ့ပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက် တစ်နာရီလုပ်ခ ၈၅ကျပ်ကနေ ၁၂၀ ကျပ် အထိတိုးပေးရန်၊ ရက်မှန်ကြေးတိုးပေးရန်၊ ကျွမ်းကျင်မှုကြေး တိုးပေးရန်နှင့်နိုင်ငံတော် ရုံးပိတ်ရက်များတွင် ပုံမှန်လုပ်ခလစာ ပေးရန် စတဲ့အဓိကတောင်းဆိုချက်တွေအပေါ် ညှိနှိုင်းခဲ့ရာ နေ့လည် ၁၂း၀၀ မှာအောက်ပါသဘောတူညီချက်ကို ရရှိခဲ့ပါတယ်။ အဲဒါတွေကတော့ ၁။ တနာရီလုပ်ခ ၈၅ကျပ်မှ ၁၀၀ကျပ် ထိတိုးပေး၊ ၂။ ရက်မှန်ကြေး ၅၅၀၀ကျပ်မှ ၇၀၀၀ကျပ်ထိတိုးပေး၊ ၃။ကျွမ်းကျင်မှုကြေး အလုပ်သမားအားလုံး ၂၀၀၀ကျပ် ထပ်တိုးပေး။ နိုင်ငံတော်ရုံးပိတ်များမှာ  ပုံမှန်လုပ်အားခ ခံစားခွင့်ပေး။ယခုဆန္ဒပြရက်များကို On duty အဖြစ်သတ်မှတ်ပေးခဲ့ပြီး နောင်အခြားကိစ္စများဖြစ်ပါက အလုပ်သမားကိုယ်စားလှယ် ၁၀ ဦးက စက်ရုံမန်နေဂျာ မစ္စတာအင်းနဲ့ တိုက်ရိုက် ပြောဆိုတင်ပြရန် သဘောတူခဲ့ပါတယ်။ တနင်္ဂနွေပိတ်ရက်တွေမှာ အချိန်ပိုလုပ်ရင် နေ့တွက် ၂၀၀၀ကျပ် ချက်ချင်းထုတ်ပေးရန်လည်း သဘောတူခဲ့လို့အလုပ်သမားတွေမနက်ဖြန် အလုပ်ပြန်ဆင်းပါလိမ့်မယ်။ ဒီသဘောတူညီတွေ ရရှိုအောင် အလုပ်သမားကိုယ်စားလှယ် ၁၄ဦးထဲက လုပ်သက် ၅နှစ်ရှိတဲ့ ဒိုက်ဦးမြို့နယ်က လာရောက်အလုပ်လုပ်နေတဲ့ အလုပ်သမ မအေးအေးသက်က ဦးဆောင်ဆွေးနွေး ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။မြန်မာဆန်နီဖိနပ်စက်ရုံဟာ  မြန်မာနိုင်ငံမှာ ၁၉၉၉-ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လာရောက်အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ တရုံ ဖြစ်ပါတယ်။Burma VJ