Wednesday, March 14, 2012

ပြည်ပမှာ အခမ်းအနားတွေ ကျင်းပနေရုံနဲ့ မပြီးသေးသင့်ကြောင်း မင်းကိုနိုင် ပြောကြား


20120313 Minn Ko Naing
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားနေကြသူတွေအနေနဲ့ ပြည်ပတွင် အခမ်းအနားတွေ ကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းက ပြောင်းလဲမှုတွေ အားကောင်းလာအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာကို လက်တွေ့ကျကျ ကြည့်ချင်ပါတယ် လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ၂၀၁၂ မတ်လ ၁၃ ရက်နေ့တွင် ကျရောက်တဲ့ ၂၃ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ပနိုင်ငံများတွင် ကျင်းပကြမယ့် အခမ်းအနားများအတွက် ပြောကြားတဲ့ ဗီဒီယို နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံအချို့တွင် ၂၃ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားများ 
ကျင်းပကြဖို့ စီစဉ်ဆောင်ရွက်နေကြရာ ထို အခမ်းအနားများအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ဗီဒီယို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ထို နှုတ်ခွန်းဆက်စကားတွင် ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းရပ်များကို ရှင်းလင်း တင်ပြခဲ့သလို ပြည်ပရောက် မြန်မာ့အရေး
လှုပ်ရှားသူများအနေနဲ့ ပြည်တွင်းက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသာများရဲ့ ပြည်တွင်း လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားရာမှာ မင်းကိုနိုင်က “မြန်မာပြည်တွင်းမှာ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ လှုံ့ဆော် ပြောကြားမှုများ ပြုလုပ်နေကြောင်း၊ အရပ်ဖက် အသင်းအဖွဲ့များ အားကောင်းလာအောင် ဆောင်ရွက်ပြီး ထို အသင်းအဖွဲ့များ ပေါင်းစုကာ တရားမျှတခြင်း အဖွဲ့တခု ရှိဖို့ လိုအပ်ကြောင်း၊ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့၊ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးနိုင်ရေးဖို့၊ လှုပ်ရှားမှုအားလုံးဟာ တရားဥပေဒဘောင်အတွင်းက ဖြစ်တယ်ဆိုတာကို ဥပဒေပညာရှင်များက လက်ခံဖို့ လိုအပ်ကြောင်း၊ ပြည်သူများရဲ့ အခက်အခဲများနဲ့ ပတ်သက်ပြီး ဥပဒေအရ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ တာဝန်ကို ဥပဒေပညာရှင်များက အသိပေးနိုင်ဖို့ လိုအပ်ကြောင်း“ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ အချိန်အခါဟာ လွတ်မြောက်ရေးတိုက်ပွဲကလည်း မပြီးဆုံးသေး
သလို တည်ဆောက်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေကြရတဲ့ အသွင်ကူးပြောင်းရေးကာလ ဖြစ်ကြောင်း၊ တိုင်းပြည်
 ပြန်လည် တည်ဆောက်တဲ့အခါ ပြည်ပမှာ ရောက်နေတဲ့ အင်အားတွေ လိုအပ်ကြောင်း၊ ပြည်ပရောက် ရဲဘော်များရဲ့ လေ့လာသင်ကြားမှုဟာ မြန်မာပြည် ပြန်လည်တည်ဆောက်ရေးအတွက် အား ဖြစ်လို့ လိုအပ်ကြောင်း၊
 နောက်ပိုင်းမှာ လွတ်မြောက်ရေးတိုက်ပွဲဝင်သူတွေဟာ နောက်တန်းကို ရောက်သွားပြီး တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သူများဟာ ရှေ့တန်းကို ရောက်လာမှာ ဖြစ်ကြောင်းကိုလည်း မင်းကိုနိုင်က တင်ပြပါတယ်။ ထို့အပြင် ပြည်ပတွင် အခမ်းအနားတွေ ကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းက ပြောင်းလဲမှုတွေ အားကောင်းလာအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာကို လက်တွေ့ကျကျ ကြည့်ချင်ကြောင်း၊ အခုအချိန်ဟာ တိုင်းပြည်အတွက် ရောင်နီသန်းချိန် ဖြစ်ကြောင်း၊ ဒီအချိန်မှာ အားလုံးဟာ ဒေါင်းတွေအဖြစ် အားလုံးသံပြိုင် အိုးဝေသံတွေနဲ့ ညီချင်ပါကြောင်း ဆန္ဒပြု ပြောကြားပြီး သူ့ရဲ့ ၂၃ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် နှုတ်ဆက်စကားကို နိဂုံးချုပ်လိုက်ပါတယ်။