မြန်မာ-အမေရိကန်
နှစ်နိုင်ငံ ဘက်စုံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမေရိကန်
နိုင်ငံခြား
ရေးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သမ္မတအကြံပေးအဖွဲ့တို့ မတ်လ ၄ ရက်တွင် ပြည်လမ်းရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတွင် နိုင်ငံတော် အစိုးရပိုင်းသာမက ဘက်ပေါင်းစုံကဏ္ဍအလိုက် ဆက်ဆံရေး တိုးမြှင့်စေရန်အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အစိုးရဘက်မှ နိုင်ငံတော် သမ္မတ အကြံပေးများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးဆက်အောင်၊ ဦးစစ်အေးနှင့် တာဝန်ရှိသူများအပြင် အမေရိကန်နိုင်ငံခြားရေးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ “အခုတွေ့ဆုံဆွေးနွေးပွဲ ဘာဖြစ်လာမလဲဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့အတွက် နည်းလမ်းတွေရှာမယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘယ်လိုမျိုး အခန်းကဏ္ဍ၊ ဘယ်လိုမျိုး ဧရိယာတွေ က တိုးတက်ကောင်းမွန်လာအောင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မလဲ။ အမေရိကန်ဘက်က ဘာတွေ ကူညီနိုင်မလဲ။ မြန်မာနိုင်ငံဘက်က ဘာတွေပူးပေါင်း ဆောင်ရွက်ပေးနိုင်မလဲ။ ဒါတွေကို နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေးမျိုး မဟုတ်ဘဲနဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက်ကို အခုတွေ့ဆုံ ဆွေးနွေးပွဲက အများကြီး အထောက်အကူ ပြုနိုင်မှာပါ” ဟု အဆိုပါနှစ်နိုင်ငံ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးမြှင့်စေရန်နှင့် ချစ်ကြည်ရေး တိုးမြှင့်စေရန်အတွက် မတ်လ ၃ ရက်က အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။