ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အနှိုင်းမဲ့ ကျေးဇူးတော်ရှင် တန်ခိုးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင်
သည် အလွန်ထူးခြားပြီး နက်နဲလှစွာသော အဘိဓမ္မာတရားတော် (၇)ကျမ်းကို တာဝတိံ္တသာ နတ်ပြည်
မှာ ၀ါတွင်းသုံးလလုံး တရားတော်များကို ဟောကြားတော်မူပြီး လူ့ပြည်ကို ဆင်းသက်လာသောနေ့
သည် ယနေ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ သီတင်းကျွတ်လပြည့်နေ့
သည် ဗုဒ္ဓဘာသာဝင် တို့အတွက် နေ့ထူးနေ့မြတ် တစ်ရက် အဖြစ်သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်း ဤနေ့ ရောက်လျှင် မြတ်စွာဘုရားရှင်အား ကြိုဆိုသောအားဖြင့် ဆီမီးများထိန်ထိန်ညီအောင်ထွန်း၍ ကြိုဆိုကြပါသည်။

ကျွန်တော်တို့လို ရေခြားမြေခြားရောက်နေသော မြန်မာအများစုလည်းလုပ်နိုင်သောအခွင့် အလမ်းတစ်ရပ် လည်းဖြစ်ပါသည်။ ဆီမီး ပူဇော်ခြင်းမှာ အလွန်လွယ်ကူ၍ နေရာဒေသမရွေး လုပ်ဆောင်နိုင်ပေသော်ငြားလည်း တစ်ချို့သော တရားဓမ္မ နှင့်ဝေးကွာနေသော၊ လောဘ ဒေါသ မောဟတည်းဟူသော မြူများဖုံးလွှမ်းနေသူတို့သာလျှင် မေ့လျော့ကောင်းလျော့မည်ဟု ထင်ပါသည်။ကျွန်တော်တို့ငယ်စဉ်ကဤနေ့သို့ရောက်လျင်အိမ်ရှိလူကြီးတစ်ယောက် ယောက်က မမေ့မလျော့ပဲ ညအချိန်တွင် ဆီမီးများထွန်းနိုင်ရန် ကြိုတင်ပြင်ဆင်ပေးထားပါသည်။
ကျွန်တော်တို့ကလေးများမှာတော့ မီးထွန်းရင် ဆော့ချင်စိတ်ကသာ ပို၍သာမည်ထင် ပါသည်။ ယခု အသက်အရွယ်ရလာ၍ အသိတရားများနှင့် လူ့လောက တစ်ထောင့် တစ်နေရာ တွင် လှုပ်ရှားရုန်းကန် နေနိုင်သောအချိန်အခါတွင်လည်း ကိုယ့်မြေကိုယ့်ရေမဟုတ်သည့်တိုင်အောင် ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာ၏ ထုံးတမ်းစဉ်လာများဖြစ်သော ဘာသာရေးပွဲတော်များကို တတ်စွမ်း င်သလောက် ပါဝင်ချင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ဤနေ့ဤရက် သီတင်းကျွတ် လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ကုသိုလ်ကောင်းမှု့များ ကိုလုပ်၍ ဥပုဒ် သီတင်း သီလစောင့်နိုင်သောသူ၊ ဥပုဒ်စောင့်နိုင်ရန် အခွင့်အရေးပေးသူများက စောင့်ကြ၍ မိမိစိတ်ကို ဖြူစင်ကြယ်အောင်ကြိုးစားအားထုတ်ကြပါသည်။ ဥပုဒ်သီလ မစောင့်နိုင်သော အခြေအနေမပေးသောသူများအနေနှင့်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များနှင့် အဆို အဆုံးမများအား မမေ့မလျှော့သောအားဖြင့် မြတ်စွာဘုရားရှင်လူ့ပြည်သို့ ပြန်လည်ကြွမြန်း လာသောအချိန်အား ကြိုဆိုသောအားဖြင့် ဆီမီးများနှင့် ပူဇော်နိုင်ကြရန် သတိပေးနိုးဆော် အပ်ပါသည်။