English 4-skills က ပေါ်ပြူလာဖြစ်နေချိန်မှာ အချို့စာအုပ်တွေနဲ့ ကြော်ငြာတွေမှာ 5-skills ကို သင်မယ်ဆိုပြီး အခုတလော တွေ့လာနေရပါတယ်။ နိုင်ငံတကာမှာ 5-skills ကို အသိအမှတ်ပြု၊ မပြုတော့ ကျွန်တော်မသိပေမယ့် ကျွန်တော်တို့ လက်ခံရမယ့် ပြောင်းလဲမှု တစ်ခုပါ။ အဲဒီ ထပ်တိုးတဲ့ skill ကတော့ thinking skill ပါတဲ့။
ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ အဓိက ပြောင်းလဲရမယ့် အချက်ပါ။ အနှစ်နှစ်ဆယ်ကျော်ကျော်အတွင်းမှာ ကျောင်းသားတွေ
ကို သင်ပေးတဲ့ပုံစံက သင်ရိုးညွှန်းတမ်းကိုကိုင်၊ ဆရာမကြီးက ဆရာ/မ တွေကို ဒါသင်လို့ပြော၊ ဆရာ/မ တွေက ကျောင်းသားတွေကို ဒါလုပ်၊ ဒါကျက် လို့ပြော။ ဒါပါတော့ဖြေ၊ မပါတော့ကွဲ၊ ကဲပြီးပြီ။ အထက်ကနေ အောက်ကို ညွှန်ကြားခြင်း၊ ခိုင်းစေခြင်းနဲ့ သွားတဲ့စနစ်က အာဏာရှင်စနစ်ကနေ မိတ္တူပွားပေးလိုက်တဲ့စနစ်တစ်ခုလို ပညာရေးမှာလည်း မသိမသာရော၊ သိသိသာသာပါ အသုံးပြုနေကြရတယ်။ ဒါကြောင့် သင်ရိုးညွှန်းတမ်း ထပ်တလဲလဲ ဘယ်လိုပြောင်းပြောင်း ကျောင်းသားတွေရဲ့ ဦးနှောက်က ပိတ်လျှက်ပါပဲ။ “My name is Aung Aung. My father’s name is U Ba. I live in Yangon” ဆိုတာတွေကို
အလွတ်ကျက်ဖြေပြီး အောင်လာတဲ့ ကလေးတစ်ယောက်က တကယ်တမ်း CV ပေါ်မှာ ကိုယ့်နာမည် အစစ်ရေးဖြည့်ခိုင်းတော့ ပေါက်ကရတွေစာလုံးပေါင်း။ နေရပ်လိပ်စာကျတော့ ဝါးတားတား။ သူများအကြောင်းတွေ စဉ်းစားတွေးခေါ်ခိုင်းဖို့ နေနေသာသာ ကိုယ့်အကြောင်းကိုယ်တောင်ပြန်ပြီး ဦးနှောက် Lock ချထားသလို မပွင့်နိုင်ဘူး။ သူတို့တွေကို စဉ်းစား၊ တွေးခေါ်၊ ဝေဖန်၊ အသစ်ဖန်တီးမှုတွေကို လုပ်နိုင်အောင် ဖွင့်ပေးနိုင်မှ ပွင့်လာမှာပါ။
နောက်တစ်ခုက Team spirit ဆိုတဲ့ အသင်းအဖွဲ့ စိတ်ဓာတ်ဟာ ကျောင်းသားတွေမှာ မရှိသလောက် နည်းပါးပါတယ်။ တစ်ဦးတစ်ယောက်ကောင်း ထူးချွန်တဲ့ မြန်မာကျောင်းသားတွေ ကမ္ဘာမှာ အများကြီးရှိပေမယ့် အုပ်စုလိုက် ဆွေးနွေးပွဲတွေ၊ အုပ်စုလိုက် ပြိုင်ပွဲတွေမှာ ကျောင်းသားတွေ အားနည်းပါတယ်။ အဲဒါကလည်း အလေ့အထ မလုပ်ပေးခဲ့လို့ပါ။ တစ်ဦးတစ်ယောက်က အမိန့်နဲ့ပြောတဲ့ အကျင့်ကို မကြိုက်ကြသလို ကိုယ်ကိုယ်တိုင်လည်း မလုပ်ချင်ကြတဲ့အတွက် စုပေါင်းလုပ်တဲ့အခါကျတော့ ဘာမှ မအောင်မြင်ကြတော့ဘူး။ ဒီလို ကန့်သတ်ထားတဲ့၊ အားနည်းချက်တွေ အပြည့်ရှိတဲ့
ပညာရေးကို ကျောင်းသားတွေဦးနှောက်ထဲမှာ အစွဲကြီးစွဲနေတဲ့အတွက် သူတို့ကို ဖွင့်ပေးနိုင်ရပါမယ်။
အဲဒီလို လုပ်ပေးနိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ ဒီကျောင်းသားတွေက သူ့ပတ်ဝန်းကျင် နယ်ပယ်တွေတိုင်းမှာ
စဉ်းစားတွေးခေါ် ဝေဖန်မယ်။ နိုင်ငံတကာကို ယှဉ်ပြိုင်ပြီး ထိုးဖောက်မယ်။ ပိုကောင်းမယ့် အနာဂတ်အသစ်တွေကို
ဖန်တီးနိုင်မယ်။
………………
အောင်ငြိမ်းချမ်း