Sunday, December 21, 2014

လက်ရှိအချိန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ခိုင်မာစွာရောက်ရှိရန် အားလုံးက ကြိုးစားရမည့် အချိန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၂၀၁၄-၁၂-၂၁
ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲ၌ ဒေါ်အောင်ဆန်းစုကြည်            အမှလက်ရှိအချိန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ခိုင်မာစွာရောက်ရှိရန် အားလုံးက                            ကြိုးစားရမည့် အချိန်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ဝ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် (ဗဟို) မှ ကြီးမှူးကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း
 နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လူငယ်များ၏ကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်                                          နိုင်ငံ၏ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင် တာဝန်များကို စတင်တာဝန်ထမ်းဆောင်စဉ်က လူငယ်တစ်ယောက်ပင်ဖြစ်ကြောင်း၊ အသက်အရွယ်သည် အဓိကမဟုတ်ကြောင်း၊ စိတ်စေတနာနှင့် ပြည်သူများအပေါ် တာဝန်သိမှုများကသာ အရေးကြီးကြောင်း၊ လူငယ်များရော လူကြီးများပါ အားငယ်စိတ်မရှိဘဲ အားလုံးလက်တွဲပြီး လုပ်ဆောင်ပါက အောင်မြင်နိုင်မည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်မှာ ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကို လျှောက်နေတဲ့ နိုင်ငံပေါ့။ ဒီမိုကရေစီလမ်းပေါ်မှာ သိပ်ပြီးတော့ ခိုင်ခိုင်မာမာ မရောက်သေးပါဘူး။ ခိုင်ခိုင်မာမာ ရောက်အောင်         လို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ကြိုးစားရမယ့် အချိန်ဖြစ်ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ ကြိုးစားမယ်ဆိုရင် ကျွန်မတို့ မုချအောင်မြင်မှာပါ။ ဒီမိုကရေစီရဖို့ ကြိုးစားတယ်ဆိုတာ အများအတွက် ကြိုးစားတာ ဖြစ်ရပါလိမ့်မယ်။ ကိုယ်တစ်ဦး တစ်ယောက်         အတွက် ကိုယ့်အဖွဲ့အစည်းအတွက် ကြိုးစားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီဆိုတဲ့ စိတ်ဓာတ်နဲ့ကို          ဆန့်ကျင်ရာ ရောက်ပါလိမ့်မယ်” ဟု ပြောကြားသည်။
နိုင်ငံအတွက် အရေးကြီးဆုံးမှာ တာဝန်သိမှုဖြစ်ကြောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်း              က တာဝန်သိတတ်မှ တိုးတက်မည်ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အရေးကြီးဆုံး အရည်အချင်းမှာ တာဝန်သိမှုနှင့် အမြဲသင်ယူနိုင်သည့် အရည်အချင်းဖြစ်ကြောင်း၊ အသက်ရှင်          နေသရွေ့ သင်ယူစရာများ ရှိသည်ဆိုသည်ကို နားလည်ထားရမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်း      စုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဖေဖေ့ရဲ့ နှစ်တစ်ရာပြည့် အခမ်းအနားတွေ ကျင်းပတယ် ဆိုတာဟာလည်း ကျွန်မတို့ လူငယ်တွေကို သင်ပေးချင်တဲ့ စိတ်ဓာတ်နဲ့ ကျင်းပစေချင်တယ်။ သင်ပေးစေချင်တယ်ဆိုတာ ဘယ်လိုအရည်အချင်းတွေက တိုင်းပြည်အတွက် အကျိုးရှိတယ်။ ဘယ်လိုခေါင်းဆောင်တွေ ကျွန်မတို့ လူငယ်တွေကဖြစ်ဖို့ ကြိုးစားမယ်ဆိုတာ သင်ပေးစေချင်တယ်။ ဒါပေမဲ့လည်း ခေါင်းဆောင်ဖြစ်ချင်တာထက် တာဝန်ထမ်းဆောင်တာပဲ ဖြစ်စေချင်ပါတယ်။ တချို့      ကတော့ ခေါင်းဆောင်တော့ သိပ်လုပ်ချင်တာပဲ။ တာဝန်တော့ မထမ်းဆောင်ချင်ဘူး။ 
ဒါမျိုးဆိုရင်တော့ ကျွန်မတို့ တိုင်းပြည်ကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ တာဝန်မသိဘဲနဲ့                                 ခေါင်းဆောင်မှု ယူမယ်ဆိုရင်တော့ ကိုယ့်ရဲ့နောက်လိုက်တွေလို့ ဆိုရမလား၊ ကိုယ့်ရဲ့ တိုင်းသူ    ပြည်သားလို့ ဆိုရမလား၊ ကိုယ့်ရဲ့အခြေအနေအရ အဖွဲ့အစည်းလေး တစ်ခုမှာ ဆိုရင်တောင် ပြဿနာအများကြီး တက်နိုင်တယ်။ ခေါင်းဆောင်လုပ်တဲ့သူက တာဝန်သိမှု မရှိလို့ရှိရင်              ဘယ်ကိစ္စမှာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်လို့ရှိရင်တော့ ပိုပြီးတော့ အရေးကြီးပါတယ်” ဟု ပြောကြားသည်။
လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ စိတ်ဓာတ်မှန်ကန်မှုရှိပါက တိုင်းပြည်၏ အကျိုးအတွက် များစွာ            လုပ်ဆောင် ပေးနိုင်ကြောင်း၊ မှန်ကန်သည့်စိတ်ဖြင့် လုပ်ဆောင်ပါက တိုးတက်နိုင်မည် ဆိုသည်ကို ယုံကြည်ရန်နှင့် လူငယ်များအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်           က ပြောကြားသည်။ 
“ကျွန်မတို့ လူငယ်တွေကနေ နိုင်ငံရေးမှာ စိတ်ဝင်စားကြပါလို့ ကျွန်မထပ်တလဲလဲ ပြောတာပါ။ ဖေဖေကလည်း ဒီအတိုင်းပဲ ပြောပါတယ်။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်ပေါ့နော်။ ကိုယ်က မဆိုင်ချင်ပေမယ့်လည်း နိုင်ငံရေးက လာပြီးတော့ ဆိုင်မှာပဲဆိုပြီး ဖေဖေက ပြောခဲ့ဖူးပါတယ်။ နောက်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တချို့က နိုင်ငံရေးကပဲ မကောင်းသလိုလို ပြောတဲ့အခါကျ              တော့   ဖေဖေက ဒီကိစ္စကိုလည်း ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးက ညစ်ပတ်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်တဲ့သူ တချို့ကသာ ညစ်ပတ်တာလို့ ပြောတာရှိခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူတွေက    နေပြီးတော့ သန့်ရှင်းတဲ့နိုင်ငံရေး တကယ့်နိုင်ငံအပေါ်မှာ စေတနာထားတဲ့ နိုင်ငံရေးကို လုပ်ကြပါ။ အဲဒီလိုလုပ်နိုင်တာကိုလည်း ဂုဏ်ယူကြပါ” ဟု ပြောကြားသည်။